ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNICEF (Myanmar) ၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. June Kunugi အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၄.၆.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF(Myanmar)၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. June Kunugi က အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမတွင် ယနေ့နံနက်ပိုင်းက လာရောက်တွေ့ဆုံပါသည်။
    တွေ့ဆုံရာတွင် Ms. June Kunugi က ပြည်ထောင်စုဝန်ကြီးအနေဖြင့် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုစ်အေရီမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းမှုညီလာခံသို့ တက်ရောက်မည်ဟုသိရပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင် ဦးဆောင် ဦးရွက်ပြု၍ တိုးတက်မှုများစွာ ဖြစ်ထွန်းလာခြင်းအတွက် ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ညီလာခံတွင် ကမ္ဘာသို့ ဝေမျှခွင့် ရမည်ဖြစ်ကြောင်း၊ UNICEF အနေဖြင့်လည်း လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၊ မသန်စွမ်းသူများအတွက် နိုင်ငံတော်အဆင့်လုပ်ငန်း စီမံချက်ပေါ်ထွန်းရေး၊ မသန်စွမ်းမှု ကာကွယ်ရေးဖြစ်သည့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်း များ၊ သတင်းအချက်အလက် စီမံခန့်ခွဲမှု စနစ်တို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဆွေးနွေးပါသည်။
    ပြည်ထောင်စုဝန်ကြီးကလည်း ၂၀၁၈ခုနှစ်တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းမှု ညီလာခံသို့ မြန်မာနိုင်ငံမှ မိမိတို့ပါဝင်တက်ရောက်ခဲ့ပြီး ကတိကဝတ်(၇) ချက်ပြုခဲ့ပါကြောင်း၊ ၂၀၁၈ခုနှစ်သည် မသန်စွမ်းသူများနှစ်ဟု ဆိုရလောက်အောင် တိုးတက်မှုများစွာဖြစ်ထွန်းခဲ့ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ အမျိုးသား ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းနိုင်ခဲ့ပြီး အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက်ရေးဆွဲနေကြောင်း၊ မသန်စွမ်းသူမှတ်ပုံတင်ရေး၊ မသန်စွမ်းသူများကို လူမှုရေးအကူအညီ ပေးရေးအစီအစဉ်များကိုလည်း တိုင်းဒေသကြီး၊ ပြည်နယ်(၁၅) ခုတွင် ဆောင်ရွက်နေကြောင်း၊ မသန်စွမ်း အဆင့်သတ်မှတ်ရေး ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ မသန်စွမ်းဖြစ်မှုကာကွယ်ရေးတွင် မိုင်းအန္တရာယ် အသိပညာပေးရေး သာမက Early Childhood Intervention (ECI)လုပ်ငန်းကိုလည်း ပြည်နယ်၊ တိုင်းဒေသကြီး (၄)ခုတွင် စီမံကိန်းချမှတ် ဆောင်ရွက်နေမှုများနှင့် မသန်စွမ်းသူများအတွက် အားလုံးအကျုံးဝင် ပညာရေးရရှိစေရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter