ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်

နေပြည်တော်၊ ၄.၆.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တက်ရောက်အမှာစကား ပြောကြား ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များ တွင် တာဝန်ယူဆောင်ရွက် လျက်ရှိသော ညွန်ကြားရေးမှူးများအနေဖြင့် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရပြီး ဝန်ကြီးဌာန၏ မူဝါဒနှင့်လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် ကြသူများဖြစ်ကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးရန်၊ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီစေရန်နှင့် လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူ့အသိုက်အဝန်း ဖြစ်ပေါ်လာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် ကောင်းမွန်သော အပြောင်းအလဲများကိုဖော်ဆောင်ရန် ကလေးသူငယ်မှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို မူဝါဒ၊ ဥပဒေနှင့် မဟာဗျူဟာများချမှတ်၍ လုပ်ငန်းစဉ်များဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ပြည်သူများထိရောက်စွာ ခံစားရရှိစေနိုင်ရန်  မိမိတို့အနေဖြင့် တာဝန်ယူ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အပြောင်းအလဲကိုဖော်ဆောင်ရာတွင် စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ သဟဇာတဖြစ်အောင်ဆောင်ရွက်တတ်ခြင်း၊ အနစ်နာခံအားစိုက်ထုတ်ပြီး ဆောင်ရွက်ခြင်း များလိုအပ်ကြောင်း၊ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရာတွင် မိမိတို့အဖွဲ့အစည်းအတွင်း ညီညွတ်စွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပွင့်လင်းမြင်သာထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)နှင့် ချိတ်ဆက် ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊ မိမိတို့သည် ဝန်ထမ်းအကြီးအကဲများဖြစ်၍ တာဝန်ကို ကျေပွန်ခြင်း၊ စည်းကမ်းကို လိုက်နာခြင်း၊ ကျင့်ဝတ်များကို စောင့်ထိန်းခြင်းဖြင့် အဂတိကင်းစွာ စံနမူနာပြ ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ဒုတိယဝန်ကြီးကပြောကြားရာတွင် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များ အချိတ်ဆက်မိမိ ဆောင်ရွက်ကြရန်လိုကြောင်း  ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို (၃.၆.၂၀၁၉)ရက် နေ့မှ (၄.၆.၂၀၁၉)ရက်နေ့အထိ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့ ပါသည်။
    အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter