ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ နေပြည်တော် ကလေးပြုစုရေးဌာန အဆောက်အဦ ဆောက်လုပ်လှူဒါန်းခြင်းလုပ်ငန်း လစဉ်အစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၈.၆.၂၀၁၉
ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ဆောက်လုပ်လှူဒါန်းသည့် ကလေးပြုစုရေးဌာန(နေပြည်တော်) အဆောက်အဦဆောက်လုပ်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ အဆောက်အဦ ဆောက်လုပ်ရေးဦးဆောင် ကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားရာတွင် ဆောက်လုပ်လှူဒါန်းမှုအား အရည်အသွေး စံချိန်စံညွှန်းမီစွာဖြင့် ငလျင်ဒဏ်ခံနိုင်သော ခေတ်မီအဆောက်အဦဖြစ်လာရန် ဝိုင်းဝန်း ကြီးကြပ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အရည်အသွေး စစ်ဆေးမှုကို အဖွဲ့များဖြင့် မပြတ်ကြီးကြပ်ရန် အပြင် နမူနာများကို ဓါတ်ခွဲခန်းသို့ပို့၍လည်းစစ်ဆေးရန်လိုပါကြောင်း စံချိန်စံညွှန်းကိုက်ညီဖို့ မြေပြင်၌ ကြီးကြပ် နေသော တာဝန်ခံအင်ဂျင်နီယာသည် အချိန်ပြည့်ကြီးကြပ်ရန်လိုပါကြောင်း ပြောကြားခဲ့ပါသည်။              
   ထို့နောက် အဆောက်အဦဆောက်လုပ်ရေးဦးဆောင်ကော်မတီ၊ ပူးတွဲဥက္ကဌ၊ ရင်ခွင်မဲ့ကလေး ငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၊ ဥက္ကဌဒေါ်မေယဉ်ထွန်းက အရည်အသွေး စစ်ဆေးရေးအတွက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီသို့ ချိတ်ဆက်ဆောင်ရွက်ထားရှိပါကြောင်း၊ ဖွဲ့စည်းထားသော အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ ပူးပေါင်း၍ အကောင်းဆုံးစိစစ်ပေးပါရန် မှာကြား ခဲ့ပါသည်။
ထို့နောက် အဆောက်အဦဆောက်လုပ်ရေးဦးဆောင်ကော်မတီ၊ အတွင်းရေးမှူးနှင့် တက်ရောက် ကြသူများက ဝိုင်းဝန်းဆွေးနွေးကြပြီး ဥက္ကဌက ဇွန်လကုန်တွင် ဆောင်ရွက်မည့် ပထမထပ်ကြမ်းခင်း လောင်းသည့် အချိန်တွင် အဆောက်အဦ အရည်အသွေးစစ်ဆေးရေးအဖွဲ့က ကြိုတင်စစ်ဆေး အတည်ပြုပေးရန် ပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
အစည်းအဝေးသို့ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းသည် ကလေးပြုစု ရေးဌာန(နေပြည်တော်)အတွက် (၁၀၀၊x၈၀၊) (၃)ထပ် မွေးကင်းစကလေးငယ် များပြုစု စောင့်ရှောက် ရေးအဆောင်ကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်တွင် ဆောက်လုပ် လျှက်ရှိပြီး ဆောက်လုပ်ပြီးစီးပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter