ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အော်တစ်ဇင်ဆိုင်ရာမူဝါဒအတွက် အကြံပြုချက်များဖော်ထုတ်ရေးအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

သြဂုတ် ၇၊ နေပြည်တော်
    အော်တစ်ဇင်ဆိုင်ရာမူဝါဒအတွက် အကြံပြုချက်များဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။
    ပြည်ထောင်စုဝန်ကြီးက အော်တစ်ဇင်သည် မသန်စွမ်းအမျိုးအစား တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အော်တစ်ဇင်အသင်းကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် အော်တစ်ဇင်ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် နှိုင်းယှဉ်ပါက  မြန်မာအော်တစ်ဇင်အသင်း၏ လုပ်ဆောင်ချက်များသည် လွန်စွာနောက် မကျပါကြောင်း၊ ဆက်လက်၍ အရှိန်မြှင့်တင်ဆောင်ရွက်သွားဖို့ အားပေးပါကြောင်း၊ အော်တစ်ဇင်ကိုအဓိပ္ပာယ် သတ်မှတ်ရန်မှာ ခက်ခဲပါကြောင်း၊ အော်တစ်ဇင်နှင့်ပတ်သက်၍ နိုင်ငံအပေါ်သက်ရောက်မှု မည်မျှရှိသည်ကို မသိကြသေးပါကြောင်း၊ အော်တစ်ဇင်အကြောင်း ပြည်သူသိရှိရန်နှင့် ဖြစ်ပွားနေမှု အခြေအနေအတိအကျသိရှိရန် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အော်တစ်ဇင်ဖြစ်ပွားမှုကို တွက်ချက်ကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ် လူဦးရေစာရင်းအရ  နှစ်စဉ် လူဦးရေတိုးပွားနှုန်းအပေါ် အခြေခံလျှင် နှစ်စဉ်ဖြစ်ပွားမှုဦးရေ ၄,၅၇၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းကြကြောင်း၊ ကမ္ဘာ့ပေါ်တွင် စုစုပေါင်းလူဦးရေ၏ (၁) ရာခိုင်နှုန်းကို အော်တစ်ဇင်အဖြစ် ဖေါ်ထုတ်ထားကြောင်း၊ အာဆီယံဒေသ နိုင်ငံများတွင် လူဦးရေ ၆၂၅ သန်းခန့်ရှိရာ အော်တစ်ဇင်ဦးရေ (၆)သန်းခန့် ရှိကြောင်း၊ အာဆီယံအတွင်းရေးမှူးရုံးကဦးစီးပြီး Autism Mapping Project ကို ချမှတ်ခဲ့ပါကြောင်း၊ Asia -Pacific  Development Center on Disability (APCD)မှ တာဝန်ယူ စီမံဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် မြန်မာအော်တစ်ဇင်အသင်းကြီးသည် APCD၊ ASEAN Autism Network တို့နှင့် ပူးပေါင်း၍ ဝန်ကြီးဌာနနှင့်အတူ အော်တစ်ဇင်ဆိုင်ရာ  မူဝါဒပေါ်ထွက်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ လိုအပ်ပါကြောင်း၊ အော်တစ်ဇင်ပုဂ္ဂိုလ်များအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုနှင့် ပြုစုစောင့်ရှောက်ခြင်း ဝန်ဆောင်မှုတို့ကို လက်လှမ်းမီရန် လိုအပ်ပါကြောင်း၊ ပညာရေးမူဝါဒတွင် အော်တစ်ဇင်များအတွက် ထည့်သွင်း ညှိနှိုင်းရမည်ဖြစ်ပါကြောင်း၊ အော်တစ်ဇင်များအတွက် အလုပ်အကိုင် မူဝါဒလည်း အရေးကြီးပါကြောင်း၊ အော်တစ်ဇင်များ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရန်၊ ပါဝင်ဆောင်ရွက်နိုင်ရန်၊ လူမှုရေးကူညီမှုများရရှိနိုင်ရန်၊ ဥပဒေအရာတွင် တရားမျှတမှုရရှိနိုင်ရန် လိုအပ်ချက်တို့ကို လက်ရှိလုပ်ငန်းစဉ်များတွင် ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ အော်တစ်ဇင်သည် မွေးစမှ အသက်အရွယ်ကြီးသည်အထိ ရှိပါကြောင်း၊ ဒါကြောင့် အသက်အရွယ်အလိုက်ရှိသော အော်တစ်ဇင်များအတွက် အခြေခံအချက်အလက်တို့ကို  သိရှိရန်လိုပါကြောင်း၊ အော်တစ်ဇင် အခြေအနေမဖြစ်လာအောင် ဆောင်ရွက်လို့ရသည့် နည်းလမ်းများရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းတွင်ပါဝင်သော ရှေးဦးအရွယ်ကလေးသူငယ်များဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (ECI) သည် အော်တစ်ဇင်ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါကြောင်း၊  အော်တစ်ဇင်များသည်လည်း အခြားကလေးများနည်းတူ အသက်ရှင်သန်ခွင့် ၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်တို့ကို ခံစားရရှိရန်လိုပါကြောင်း၊  အော်တစ်ဇင်ပုဂ္ဂိုလ်များအတွက် မိဘ၊ မိသားစုဝင်များ၊ စောင့်ရှောက်သူများ၊ ရပ်မိရပ်ဖများ အရေးကြီးပါကြောင်း၊ အော်တစ်ဇင် မဖြစ်ရန်ကာကွယ်ခြင်း၊ ဖြစ်ပွားပါက အမှီခိုကင်းစွာ ရပ်တည်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် အော်တစ်ဇင်မူဝါဒတစ်ရပ် လိုအပ်ပါကြောင်း၊ အော်တစ်ဇင်ဆိုင်ရာမူဝါဒ ပေါ်ပေါက်ရေးအတွက် အကြံပြုချက်များ ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်အောင်ကူညီသည့် မြန်မာအော်တစ်ဇင်အသင်းနှင့် ပူးပေါင်း ဆောင်ရွက်ကြသည့်အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ပါကြောင်းနှင့် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး မြန်မာအော်တစ်ဇင်အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာနေမျိုးနိုင်ကအလုပ်ရုံဆွေးနွေး ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ အများနည်းတူလူ့အသိုင်းအဝိုင်းတွင် နေထိုင်နိုင်ရေး၊ အော်တစ်ဇင်အကြောင်းအများပြည်သူသိရှိစေရန် အသိပညာပေးရေး၊ မြန်မာအော်တစ်ဇင် အသင်းအနေဖြင့် အာဆီယံနိုင်ငံများနှင့်ချိတ်ဆက်ဆောင်ရွက်နေမှုများ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မူဝါဒချမှတ်နိုင်ရေး အတွက် အကြံပြုချက်များကိုပွင့်ပွင့်လင်းလင်းဆွေးနွေးပေးလိုပါကြောင်း ရှင်းလင်းပြောကြား ပါသည်။
    ထို့နောက် အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်အတည်ပြုခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေ၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာတို့မှ တင်ပြ ဆွေးနွေးခြင်း၊ အော်တစ်ဇင်များအတွက် ပညာရေး ၊ ကျန်းမာရေး၊ လူမှုရေးဝန်ဆောင်မှု အခြေအနေများနှင့်ပတ်သက်၍ မူဝါဒတွင်ထည့်သွင်းရေးဆွဲနိုင်ရေးတို့ကို တက်ရောက်လာကြ သူများကအကြံပြုဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

 

FacebookTwitter