အသက် (၆)လမှ (၃)နှစ်အရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပြုစုစောင့်ရှောက်သူများအတွက်အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ သြဂုတ် ၁၅                               
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ နေပြည်တော်ရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ အသက် (၆)လမှ (၃)နှစ်အရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၃၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ သီရိရတနာမူလတန်းကြိုကျောင်း၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။                                    အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အမှာစကားပြော ကြားခဲ့ရာတွင် ယနေ့ခေတ်သည် အမျိုးသားနှင့် အမျိုးသမီးများတန်းတူအလုပ်လုပ် ကိုင်ကြရ ပါကြောင်း၊ အိမ်တစ်အိမ်တွင် ဖခင်ရောမိခင်ပါ အလုပ်လုပ်ကြသည်ကများပါကြောင်း၊ မိဘနှစ်ဦး လုံးလုပ်ငန်းခွင်ဝင်ရောက်နေချိန်တွင် ကလေးများကို ပြုစုစောင့်ရှောက်ရေး အတွက်လစ်ဟင်း၍ မရပါကြောင်း၊ ကလေးဘဝတွင် ကောင်းမွန်စွာပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတစ် နိုင်ငံတွင် စွမ်းအင်ပြည့်ဝသည့် လူသားအရင်းအမြစ်ထွက်ပေါ်လာရေးမှာ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများပင်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံသင့်သည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် ကလေးငယ်များအားလုံး လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရန်မှာ အထူးပင်အရေးကြီးကြောင်း၊ ရှေ့ဦးအရွယ်ကာလမှပင် စတင်ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊အသက်(၆)လမှ (၃)နှစ်အရွယ်သည် နေ့ကလေးထိန်း အရွယ်ဖြစ်ပြီး အသက်(၃)နှစ်မှ (၅)နှစ် အရွယ်သည် မူလတန်းကြိုအရွယ်ဟု အသက်အရွယ် အလိုက်သတ်မှတ်ထားရှိပါကြောင်း၊ နေ့ကလေးထိန်းအရွယ်ကာလသည် ကလေးသူငယ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြုစုပျိုးထောင်နိုင်ရန်အလွန်အရေးကြီးပါကြောင်း၊ ဤကာလ တွင် ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးရရှိနိုင်မည်ဖြစ်သဖြင့် ဤအရွယ်တွင်အမိအရ ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ထို့အတွက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းတို့ ရေးဆွဲ ပြဌာန်းပြီးဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး ထောင်ရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒနှင့် ဥပဒေကို ရေးဆွဲပြဌာန်းထားရှိပြီး ၂၀၁၅ ခုနှစ်တွင် နည်းဥပဒေကို ပြဌာန်းထားရှိခဲ့ပါကြောင်း၊ ဥပဒေကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်သည့်နေရာ တွင် ရပ်ရွာအခြေပြု၊ အိမ်အခြေပြုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ဝေးလံ ခေါင်ဖျားဒေသများအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက်   ပြင်ဆင်သည့်ဥပဒေကို အစိုးရသစ်လက်ထက် (၆.၆.၂၀၁၈) ရက်နေ့တွင် အတည်ပြု ပြဌာန်းခဲ့ပြီးဥပဒေ၏အမည်ကိုလည်း “ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ” အဖြစ်ပြောင်းလဲ ပြင်ဆင်ခဲ့ပါကြောင်း၊ ရပ်ရွာအခြေပြုလုပ်ငန်းများသည် မူလ တန်းကြိုကျောင်းများဖွင့်လှစ်နိုင်ခြင်း မရှိသော ဒေသများတွင် မူကြိုနည်းပညာများကို ကလေးတိုင်းလက်လှမ်းမီရရှိစေနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် အားပေးကူညီ လျက်ရှိပါကြောင်း၊ ဌာနအခြေပြုနေ့ကလေးထိန်းဌာနများလည်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိပါ ကြောင်း၊ မကြာမီ မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရေးအတွက် နည်းပညာနှင့် သင်ထောက်ကူပစ္စည်းများ ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ နေပြည်တော်တွင် လွှတ်တော် နေ့ကလေးထိန်းဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ တပ်ကုန်းရှိ မြန်မာ့အသံနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့တွင်လည်း နေ့ကလေးထိန်းများ ဖွင့်လှစ်နိုင်ရေး အတွက် ကူညီပံ့ပိုးပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုဆက်လက်၍လည်း  နေပြည်တော်အတွင်းမှာရှိသည့်  ဝန်ကြီးဌာနများတွင် အသက်(၆)လမှ (၃)နှစ်အရွယ် ကလေးသူငယ်များအား ပြုစုစောင့်ရှောက်နိုင်ရေးအတွက် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါ ကြောင်း၊ အသက် (၂)နှစ်မှ (၃)နှစ်အရွယ်ကာလသည် နည်းစနစ်မှန်ကန်စွာဖြင့် ဖွံ့ဖြိုးရန်လိုအပ် ပါကြောင်း၊ ကလေးငယ်များ၏ဦးနှောက်ဖွံ့ဖြိုးမှုမှာ အထူးပင်အရေးကြီးပါကြောင်း၊ ကလေးငယ် များသည် နည်းစနစ်မှန်ကန်စွာ ပြုစုပျိုးထောင်ပေးခြင်း၊ လှုံ့ဆော်မှုကောင်းသော ပတ်ဝန်းကျင် တွင် နေထိုင်ရခြင်းတို့ဖြင့် ဦးနှောက်၏ အာရုံကြောများ ချိတ်ဆက်မှုအားကောင်းလာပါကြောင်း၊ ကလေးသူငယ်များသည် မမွေးဖွားမီအချိန်ကတည်းက ဖွံ့ဖြိုးတိုးတက်မှုများရှိနေ ပါကြောင်း၊ ကလေးများဖွံ့ဖြိုးရေးအတွက် အာဟာရနှင့် လှုံ့ဆော်မှုအားကောင်းသော လူမှုပတ်ဝန်းကျင်ရှိရန် လိုအပ်ပါကြောင်း၊ သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်များအရ မိခင်ဝမ်းထဲ၌ပင် ကလေးသူငယ်ကို စကားပြောပေးခြင်း၊ ငြိမ့်ညောင်းသည့် တေးဂီတများ ဖွင့်လှစ်ပေးခြင်းတို့ဖြင့် ကလေးများပိုမို ဖွံ့ဖြိုးလာသည်ကို တွေ့ရှိရပါကြောင်း၊ အိမ်တစ်အိမ်တွင် တစ်ဦးတည်းနေရသည့် ကလေးထက် နေ့ကလေးထိန်းနှင့် မူလတန်းကြိုကျောင်းတွင်နေရခြင်းဖြင့် အများနှင့်ထိတွေ့မှုရရှိပြီး ကလေးများ ပိုမိုတိုးတက်ပါကြောင်း၊ ကစားခြင်းသည် ကလေးများအတွက် မရှိမဖြစ်အရေးပါ ပါကြောင်း၊ စုပေါင်းကစားခြင်းများကို ထိတွေ့ခံစားရခြင်းကြောင့် အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်လာခြင်း၊ အပေးအယူ၏ သဘောသဘာဝကို ငယ်စဉ်ကတည်းက သိရှိနားလည်လာခြင်း၊ သူ့အလှည့် ကိုယ့်အလှည့် နားလည်မှုရှိခြင်းတို့ဖြင့်  လူမှုသဟဇာတဖြစ်ခြင်းကိုဖေါ်ဆောင်နိုင်ကြောင်း၊ ကလေး သူငယ်များ၏ အခြေခံအခွင့်အရေး(၄)မျိုးဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရရှိပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်တို့ကိုလည်း တစ်ပြိုင်နက်ရရှိစေမှာ ဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်ပြီးပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများဖွင့်လှစ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ယခု ကဲ့သို့ စိတ်အားထက်သန်စွာကလေးသူငယ်များ၏ အကျိုးစီးပွားအတွက် သင်တန်းတက်ရောက် ခြင်းဖြင့် တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောစွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာရေးအတွက် တစ်တပ်တစ်အားကူညီပံ့ပိုးပေးနိုင်သူများ ဖြစ်စေပါကြောင်း ပြောကြားခဲ့ပါသည်။                            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းတက်ရောက်လာသူများအား ရင်းရင်း နှီးနှီးတွေ့ဆုံ၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနများမှ သင်တန်းသူ စုစုပေါင်း (၅၅)ဦး ပါဝင်တက်ရောက်ကြောင်း သိရှိရပါသည်။

 

 

FacebookTwitter