ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒကို ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၁၇-၈-၂၀၁၉၊ ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး ကျိုက်ဝိုင်းရှိ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာနတွင်ကျင်းပပြုလုပ်သော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာမူဝါဒကို  ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ဆွေးနွေး ပြောကြားရာတွင်  မိမိတို့အနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိမူဝါဒနှင့် လုပ်ငန်းစဉ်များကို  ပြန်လည်သုံးသပ်ရန် လိုအပ်ပြီ ဖြစ်ကြောင်း၊ မူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း  ငါးနှစ်တာကာလအတွင်း ရရှိခဲ့သော အတွေ့အကြုံများ၊ မှတ်တမ်းအချက်အလက် အထောက်အထားများအပေါ် အခြေပြု၍ လိုအပ်သော ပြောင်းလဲမှုများကို ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မူဝါဒအရ ချမှတ်ထားသော မဟာဗျူဟာ (၁၀)ရပ်ကို အောင်မြင်အောင် လက်တွေ့ကျသော စီမံချက်များကို ချမှတ်ကာ အကောင်အထည်ဖော်ကြရန်လိုအပ်ပြီး အသက်ရှစ်နှစ် အရွယ်အထိ လွှမ်းခြုံနိုင်ရန် လိုအပ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို  ဆောင်ရွက်ချက်လျက်ရှိသော ပုဂ္ဂလိကနှင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများသည် လက်ရှိဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သော သင်တန်းများကို စနစ်တကျ တိုးချဲ့ဖွင့်လှစ်နိုင်ရန်နှင့် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ဖြစ်ထွန်းစေရန် ကာကွယ်စောင့်ရှောက် မှုများကိုပါ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကလေးများကို ပြုစုပျိုးထောင်ရာတွင် မိခင်ဖခင်များနှင့် မိသားစုဝင်များ၏ အရေးပါမှုကို အလေးထား ထည့်သွင်းစဉ်းစား၍ မူဝါဒများ ချမှတ်နိုင်ရန် လိုအပ်ကြောင်း၊ မူဝါဒနှင့်အညီ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် မိတ်ဖက်နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများသည် ရေရှည်တည်တံ့သော လုပ်ငန်းစဉ်များဖြစ်စေရန် အစိုးရ၏ စီမံကိန်းများနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးက လက်တွေ့ကျသော ပူပေါင်းဆောင်ရွက်ရန် နည်းလမ်း များကို အကြံပြုဆွေးနွေးပြီး  လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မဟာဗျူဟာ (၁၀)ရပ်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာသူများက ဆွေးနွေးကြရာ အခြေခံပညာကျောင်းများတွင် မူလတန်းကြိုကျောင်းထားရှိမှု အခြေအနေ၊ ရပ်ရွာအခြေပြု မူလတန်းကြိုကျောင်းများ လုပ်ဆောင်နေမှု အခြေအနေနှင့်  လက်တွေ့ဆောင်ရွက်မှုများတွင် ဖြေလျှော့မှုများ ပြုလုပ် ပေးနိုင်ရေး၊ နည်းဥပဒေများ ရေးဆွဲရာတွင် လိုအပ်သောအချက်များ ထည့်သွင်းနိုင်ရေး၊ ရှေးဦး အရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုသင်တန်းများကို စနစ်တကျ တာဝန်ယူ ဖွင့်လှစ်နိုင်ရေး၊ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျူဟာအတွက် ဆောင်ရွက်ထားရှိမှု၊ ကလေးဖွံ့ဖြိုး တိုးတက်မှုအတွက် လေ့ကျင့်ရာတွင် လိုအပ်သော ဈေးနှုန်းသက်သာပြီး အသုံးဝင်သည့် ကလေးအရုပ်များ ပြည်တွင်းတွင်  ထုတ်လုပ်ပေးနိုင်ရေး မိတ်ဖက်အဖွဲ့အစည်းများက ဆောင်ရွက်ထားရှိမှု၊ အထူးပညာရေး လိုအပ်သော ကလေးငယ်များအတွက် မူလတန်းကြိုကျောင်း လျှောက်ထားရာတွင် လိုအပ်ချက်များ စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ညှိနှိုင်းဆွေးနွေးပေးခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးမြေနေရာအတွင်း မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး ဘက်စုံ သင်တန်းကျောင်း အဆောက်အဦး  ဆောက်လုပ်ရန်နေရာ ရွေးချယ်ရန် သွားရောက် ကြည့်ရှုခဲ့ကြပြီး မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်း တက်ရောက် လျက်ရှိသော သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးစကား ပြောကြား ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter