ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး Japan Heart အဖွဲ့အစည်းနှင့်တွေ့ဆုံ

ရန်ကုန်၊ ၂၁-၈-၂၀၁၉

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၌ Japn Heart အဖွဲ့အစည်းနှင့် တွေ့ဆုံ ခဲ့ပါသည်။
တွေ့ဆုံရာတွင် ဂျပန်နိုင်ငံမှ မသန်စွမ်းသူများဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်း များနှင့် ရင်းနှီးစွာ လက်တွဲဆောင်ရွက်နေသည့်အခြေအနေ၊ အမြင်အာရုံ မသန်စွမ်းသူများအတွက် မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ၊ မျက်မမြင်အကြောပြင်အနှိပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံရှိ မျက်မမြင် လူငယ်များအတွက် အနှိပ်ပညာရပ်နှင့် အနှိပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မျက်မမြင် ဆေးပညာရပ် ဖွံ့ဖြိုးရေးအတွက် အကြောပြင် ပညာရှင်များအတွက် စံသင်ရိုးညွန်တမ်း မိတ်ဆက်ရန်နှင့် လိုက်နာရန် စည်းမျဉ်းများဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre)၌ ကျင်းပပြုလုပ်သော ရေဘေးသင့်ဒေသများအတွက် အလှူငွေ လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ရာ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre) မှ ဘိုးဘွားများက စုပေါင်းလှူဒါန်းသော ငွေကျပ် (၅)သိန်းကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter