ပဋိပက္ခအတွင်း အမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက်(မူကြမ်း) အတည်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေး

 နေပြည်တော်၊ ၂၆.၈.၂၀၁၉

ပဋိပက္ခအတွင်း အမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက်(မူကြမ်း) အတည်ပြုနိုင် ရေးနှင့် Technical Working Group  ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခြင်း များအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

    အစည်းအဝေးတွင် ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ် ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုအစည်းအဝေးသည် ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မ၏ (၄)ကြိမ်မြောက်အစည်းအဝေးဖြစ်ကြောင်း၊  ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်း ကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်းအမျိုးသမီးများအားအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့အကြား ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထို့အတွက် မိမိတို့အနေဖြင့် အမျိုးသားအဆင့် ကော်မတီကိုဖွဲ့စည်း၍ အကောင်အထည်ဖေါ် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ယနေ့အစည်းအဝေး၌ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၀၁၆၊ အပိုဒ် (၁၀) အရ အကောင်အထည်ဖေါ်ရမည့် အချက်(၃)ချက်နှင့် ပူးတွဲကြေညာချက်ပါ ဦးစားပေးကဏ္ဍ(၆) ရပ်တို့အပေါ် အခြေတည်၍ ရေးဆွဲထားသော အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (မူကြမ်း) ကို အတည်ပြုနိုင်ရေး ညှိနှိုင်းကြမည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက် (မူကြမ်း)နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီး၏ သဘောထားမှတ်ချက်များ ရယူခဲ့ပါကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ သဘောထားအကြံပြုချက်များကိုလည်း ရယူခဲ့ပါကြောင်း၊ အဆိုပါ အကြံပြု ချက်များနှင့် ယခင်အစည်းအဝေးမှ ရရှိထားသော သုံးသပ်ချက်များကိုလည်း ကော်မတီဝင်များ ထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဥပဒေ ထွက်ပေါ်လာရေး ကြိုးပမ်းလျက်ရှိကြောင်း၊  ယခု လုပ်ငန်းစီမံချက် အကောင်အထည်ဖေါ်ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံသည် အမျိုးသမီးများ နှင့်ပတ်သက်၍ ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်စောင့်ရှောက်မှုများအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနည်းတူ ဆောင်ရွက်နေသည်ကို နိုင်ငံတကာသို့ ပြသနိုင်မည် ဖြစ်သည့်အပြင်  မိမိတို့နိုင်ငံအပေါ် တစ်ဖက်သတ် စွပ်စွဲမှုများကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် သဘောထားမှတ်ချက်အရ ပြင်ဆင်ထားသည့် လုပ်ငန်းစီမံချက် (မူကြမ်း)အပေါ် အကြံပြု ဆွေးနွေးပေးကြရန်နှင့် ဆုံးဖြတ်ချက်များ တစ်ပါတည်း ချမှတ်နိုင်ပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က  အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက်(မူကြမ်း) ကို ကဏ္ဍအလိုက်၊ အကြောင်းအရာတစ်ခုချင်းစီအလိုက် အမျိုးသမီးများအားအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များအရ ပြင်ဆင်ထားသည့်အချက်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ပေးပို့လာသော အကြံပြုချက် များအပေါ် သက်ဆိုင်ရာဌာနများက ပြင်ဆင်လိုသည့်အချက်များကို ဖတ်ကြားဆွေးနွေးရာ ကော်မတီဝင် ဝန်ကြီးဌာနအသီးသီးက ပြန်လည်ဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက် အတည်ပြု ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter