ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Mines Advisory Group (MAG) အဖွဲ့မှ လာရောက်တွေ့ဆုံ

နေပြည်တော် ၊ ၂၇-၈-၂၀၁၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား  Mines Advisory Group (MAG) အဖွဲ့မှ Country Director ဖြစ်သူ Mr. Bekim Shala ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသော မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလှုပ်ရှား ဆောင်ရွက်ချက်များ၊ နော်ဝေနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံအစိုးရနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မြေမြှုပ်မိုင်းအသိပညာပေးဆွေးနွေးပွဲများ၊ ကွင်းဆင်းလေ့လာခြင်းများအပါအဝင် လူသားချင်းစာနာသော မိုင်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများနှင့် ပတ်သက်သောဆောင်ရွက်ချက်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် မိမိတို့ဝန်ကြီးဌာနကပူးပေါင်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုင်းအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အာဆီယံဒေသတွင်းရှိ နိုင်ငံများသို့ မိုင်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ သွားရောက်လေ့လာစေရေးအစီအစဉ်များ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် IDP စခန်းများပိတ်သိမ်းနိုင်ရေးနှင့် နေရပ်ပြန်များလုံခြုံစိတ်ချမှုရှိစေရန်နှင့် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
MAG အဖွဲ့အစည်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ တစ်နိုင်ငံလုံအတိုင်းအတာဖြင့် မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးဆွေးနွေးပွဲများ၊ ကွင်းဆင်းလေ့လာခြင်းများအပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ မိုင်းလုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အဖဲွဲ့အစည်း ဖြစ်ကြောင်းသတင်းရရှိပါသည်။

 

FacebookTwitter