အာဆီယံ၏ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုအရ အကောင်အထည်ဖော်ရေး ပထမအကြိမ်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ ၃၀-၈-၂၀၁၉

    တစ်ဘက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံ က ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက်ဆန်းစစ် လေ့လာမှုအစီရင်ခံစာအား ၂၀၁၉ခုနှစ်၊ ဧပြီလအတွင်း အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည့် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြန်လည်လက်ခံရေး လုပ်ငန်း များနှင့် ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အခက်အခဲများစွာ ကြားမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၆ခုနှစ်အတွင်း ပဋိပက္ခများ မဖြစ်ပွားမီကပင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသည့် သန္ဓိဌာန်ချမှတ်၍ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ကြိုးပမ်း အားထုတ်မှုများကို နိုင်ငံတကာအသိုင်းအဝန်းကလည်း နားလည်သိရှိကြမည်ဟု ယုံကြည် ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် UEHRD သည် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်နေပါကြောင်း၊ UEHRD သည် အစိုးရ၊ ပုဂ္ဂလိကအပါအဝင်လူ့အဖွဲ့အစည်း တစ်ခုလုံးပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းဖြင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ထို့အတူ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ အနေဖြင့်လည်း ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များအားအကောင်အထည်ဖော် တိုးတက်မှု ရှိစေရန် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့်လေ့လာဆန်းစစ်ရေး(ASEAN-ERAT) အဖွဲ့၏ ကနဦး လိုအပ်ချက်ဆန်းစစ် လေ့လာတွေ့ရှိချက် အစီရင်ခံစာ  (Preliminary Needs Assessment for Repatriation –PNA)  သည် နိုင်ငံအတွက်အကျိုးရှိသည့် အစီရင်ခံစာတစ်ခု ဖြစ်ပါကြောင်း၊  အစီရင်ခံစာပါ အကြံပြုချက် (၃)ခုဖြစ်သည့် ပြန်လည်လက်ခံရေးစခန်းနှင့်ကြားစခန်းတို့ကို ပိုမိုတိုးချဲ့ဆောင်ရွက်ရေး၊ သတင်းအချက်အလက်ဖြန့်ဝေခြင်းနှင့် အခြေခံဝန်ဆောင်မှုများပံ့ပိုးပေးခြင်းတို့ကို တိုးမြှင့် ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ယနေ့အစည်းအဝေးတွင် အသေးစိတ်လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ အကြံပြုချက်အများနှင့်အညီ ASEAN-ERAT အဖွဲ့ဝင်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားသို့ အဆင့်မြင့်အရာရှိကြီးများအဖွဲ့ သွားရောက်လေ့လာရာတွင် ဖိတ်ကြားခဲ့ပါကြောင်း၊ ထိုနည်းတူစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၏ တရားဝင်အကြောင်းကြား ချက်အရ ဩဂုတ်လ (၂၂)ရက်နေ့တွင် နေရပ်စွန့်ခွာသူများအား  ပြန်လည်လက်ခံရာ၌ လာရောက်လေ့လာနိုင်ရန် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ ဖိတ်ကြား ဆောင်ရွက် ခဲ့ပါကြောင်း၊ ယခုနည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးမှ မြေပြင်လက်တွေ့ ဆောင်ရွက်နိုင်ပြီး အကျိုးရှိထိရောက်မည့် စီမံကိန်းလုပ်ငန်းများကို ဖော်ထုတ်ဆွေးနွေး ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    အစည်းအဝေး၏ ဒုတိယပိုင်းအစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသနှင့် ကိုက်ညီသော လုပ်ငန်းများအား အကောင်အထည်ဖော်ရန် လိုအပ်သည်များကို မှာကြားခဲ့ပြီး ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ၊ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Nguyen KyAnh က နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံအနေဖြင့် ပါဝင် ဆောင်ရွက်မှုများကိုလည်းကောင်း၊ AHA Centre ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Mr. Arnel Capili က ကနဦးဆန်းစစ်ချက်အစီရင်ခံစာပါ အကောင်အထည်ဖော်ရမည့် လုပ်ငန်းများနှင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်တွင်းစွမ်းဆောင်မြှင့် သင်တန်းပို့ချခြင်းလုပ်ငန်းစဉ်များအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
     ဆွေးနွေးတင်ပြချက်များအပေါ် ဦးစီးဌာနများက ကဏ္ဍအလိုက် အကောင်အထည် ဖော်နေသောလုပ်ငန်းများနှင့် ကူညီပံ့ပိုးရန်လိုအပ်သည့်လုပ်ငန်းများအား အကျယ်တဝင့် ဆွေးနွေးတင်ပြခဲ့ကြပြီး၊ တင်ပြမှုများအပေါ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
    နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ထားသည့် လုပ်ငန်းများ၊ ဆောင်ရွက်ရန် လိုအပ်နေသည့် လုပ်ငန်းများ၊ ကွာဟချက်များနှင့်အာဆီယံမှအဆိုပြုလိုသည့် အကူအညီ အမျိုးအစားများကို Timeline များဖြင့် အသေးစိတ်ရေးဆွဲ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter