ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရှမ်းပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူငယ်ရေးရာ လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ရိက္ခာထောက်ပံ့ခြင်းများဆောင်ရွက်

တောင်ကြီး၊ ၇-၉-၂၀၁၉

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အရပ်ဖက်အဖွဲ့အစည်းများ၊ သဘာဝဘေး ကူညီ ကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်း အသီးသီးမှ လူငယ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရုံးခန်းမ၌ ယနေ့နံနက်ပိုင်းက တွေ့ဆုံခဲ့ပါသည်။
    တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ၊ လူကြောင့်ဖြစ်သောဘေး၊ သဘာဝကြောင့်ဖြစ်သော ဘေးများ ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ လူမှုဒုက္ခများ၊ ဘေးအန္တရာယ်ခံစားရမှုများတွင် လိုအပ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် မူဝါဒများရေးဆွဲပြီး မဟာဗျူဟာများ ချမှတ်ကာ လုပ်ငန်းစီမံချက်များဖြင့် အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျုဟာအရ ဦးစားပေးလုပ်ငန်း (၈)ခု ချမှတ်ပြီး  လူမှုရေးဝန်ဆောင်မှုများနှင့် ငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက် (၂)နှစ်အောက် ကလေးငယ်များကို ငွေကြေးထောက်ပံ့ခြင်း Maternal and Child Cash Transfer - MCCT အစီအစဉ်ကို ဒေသ အလိုက် အညွှန်းကိန်းများအရ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးခြင်းသည် လူ့ဘဝအစရက် (၁၀၀၀)အတွင်း အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ပြည့်မီ၍ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွားစေရန် ရည်ရွယ်ပါကြောင်း၊ အဆိုပါအစီအစဉ်ကို ၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ် တတိယ(၃)လပတ်မှစ၍ ရှမ်းပြည်နယ်တွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူမှုရေးဝန်ဆောင်မှု လုပ်ငန်းများကို ဝန်ကြီးဌာနတစ်ခု တည်းက ဆောင်ရွက်၍ မရနိုင်ပါသဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းများ နှင့် ပရဟိတအဖွဲ့အစည်းများက ပူးပေါင်းပါဝင်ရန်လိုပါကြောင်း၊ အမျိုးသမီးများ နှင့် ကလေးသူငယ်များ ဘဝလုံခြုံမှုရှိစေရန် ဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ကလေးသူငယ်များနှင့် အမျိုးသမီးအရေး တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့(၇)ဖွဲ့ဖြစ်သော  မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ အသင်း၊ ကျား/ မ ရေးရာတန်းတူညီမျှရေးကွန်ရက်၊   အမျိုးသမီးအဖွဲ့ အစည်းများကွန်ရက်၊  ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ဖြင့် ဖွဲ့စည်း ထားပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီများလည်း ဖွဲ့စည်းထားပြီးဖြစ်ရာ ယခုရှမ်းပြည်နယ် အမျိုးသမီး ကော်မတီအနေဖြင့် MCCT အစီအစဉ်အကောင်အထည်ဖေါ်ရာတွင် ပူးပေါင်းပေးရန်တိုက်တွန်း ပါကြောင်း၊ လူငယ်များ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍ(၁၆)ရပ် ပါဝင်သော လူငယ်ရေးရာမူဝါဒရေးဆွဲပြီး မဟာဗျူဟာချမှတ်ကာ ဒေသ အသီးသီးက ဦးစားပေးလိုသည့် ကဏ္ဍများ ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း အကောင်အထည်ဖော်နေပြီဖြစ်ရာ လူငယ်များအတွက် လူငယ်စင်တာ တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများက လူငယ် ရေးရာ ဆိုင်ရာ ဘဏ္ဍာငွေကို သတ်မှတ်သုံးစွဲမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဥပဒေဘောင် အတွင်း စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်လိုကြောင်း၊ မိမိတို့လူငယ်ဘဝ အချိန်ပိုင်းကို အကျိုးရှိစွာ အသုံးချကြပြီး နောင်လူငယ်များကို ကောင်းသောအမွေများ လက်ဆင့်ကမ်းပေးနိုင် အောင် ကြိုးစားကြစေလိုကြောင်း၊ အစိုးရက လူငယ်များ ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးတည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင်  မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စခန်းအခြေပြု၊ ရပ်ရွာအခြေပြု သင်တန်းများဖွင့်လှစ်၍ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ မူးယစ်သံသရာ ပြန်မလည်စေရန် သက်မွေးဝမ်းကျောင်း ပညာရပ်များ ချိတ်ဆက်သင်ကြားပေးခြင်း၊ လူမှု ပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရေး စီစဉ်ထားရှိကြောင်း၊ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်း ပိုမိုထိရောက်စေရန် သင်တန်းကာလကို (၃)မှ (၆)လအထိ တိုးမြှင့်ဖွင့်လှစ်ရန် ကြိုးပမ်းနေပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းစီမံချက်များကို ပြည်သူများ၊ လူမှု အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများက ဆက်လက်ပူးပေါင်းပါဝင် ကူညီကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် အတွင်း ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လုပ်ငန်းများနှင့် ထောက်ပံ့ပေးမှုများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာကိစ္စများကို ချိတ်ဆက်ဆောင်ရွက်နိုင်ရန်  ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံး နေရာတွင်  လူငယ်စင်တာအစည်းအဝေးခန်းနှင့် အားကစားလေ့ကျင့်ရန်နေရာများ ထည့်သွင်းဆောက်လုပ်လျက် ရှိကြောင်းနှင့် တိုက်ပွဲရှောင်ပြည်သူများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
    ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက် (၂)နှစ်အောက် ကလေးငယ်များကို ငွေကြေးထောက်ပံ့ခြင်း (Maternal and Child Cash Transfer – MCCT) အစီအစဉ်ကို ရှမ်းပြည်နယ် အတွင်း စတင်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက  DAN Mobile Application နှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
    ယင်းနောက် ရှမ်းပြည်နယ်လူငယ်ရေးရာ ကော်မတီဝင်များနှင့် တက်ရောက်လာကြ သူများက လူငယ်စင်တာရရှိရေး၊ လူငယ်နှင့် ပညာရေးကိစ္စရပ်များ၊ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲ ရှောင်ပြည်သူ (၁၄၁၃)ဦးအတွက် ဆန်ဘိုးငွေ တစ်လစာထောက်ပံ့ငွေကျပ် ( ၁၂၇.၁၇)သိန်းကို ပြည်နယ်အစိုးရတာဝန်ရှိသူများထံ ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ဦးညွှန့်မောင် (မေတ္တာရှင် အဖွဲ့)က တိုက်ပွဲရှောင် ပြည်သူများအတွက် လှူဒါန်းငွေကျပ် (၂၅)သိန်းကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ပြည်နယ်အစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၊ ရွှေပြည်အေး ပြန်လည်ထူထောင်ရေးစခန်းအတွက် ဦးညွှန့်မောင် (မေတ္တာရှင်အဖွဲ့)မှ ရေအိမ် (၄)လုံးဆောက်လုပ်ရန် လှူဒါန်းငွေကျပ် (၂၅)သိန်း၊ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ (အောင်မြင့်မိုရ်ကုမ္ပဏီ)က  သံကုတင် (၃၀)လုံး၊ မွေ့ယာ၊ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်အစုံ (၃၀) အတွက် လှူဒါန်းငွေ (၄၅)သိန်း၊ ဦးဧရာလင်း ( မြန်မာကြယ်စင်လင်း ကုမ္ပစဏီ)က ဝန်ထမ်းအိမ်ယာ၊ သင်တန်းသားအိပ်ဆောင်များတွင် မီတာဘောက်စ် (၃)ခုနှင့် ဆက်စပ်လျှပ်စစ်ပစ္စည်းများ တပ်ဆင်ခြင်းအတွက်လှူဒါန်းငွေကျပ် (၂၃)သိန်း နှင့်  မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် အူရ်ရမာ၊ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းက လှူဒါန်းငွေကျပ် (၂၀)သိန်းကို အသီးသီးပေးအပ်ရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

FacebookTwitter