ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အနာဂတ်နိုင်ငံနှင့် အနာဂတ် မျိုးဆက်များကောင်းရန် ရှေးဦးအရွယ်ကလေးသူငယ်ဘဝ အရေးကြီးကြောင်း ရှင်းလင်းဆွေးနွေး

တောင်ကြီး၊ ၈.၉.၂၀၁၉

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိ ဆရာမများ၊ ရှေးဦးအရွယ်ကလေးငယ်များ၏ မိဘများ၊ ပြုစုစောင့်ရှောက်သူများနှင့် ယမန်နေ့က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
    တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန၏ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် အဓိကလုပ်ငန်းကြီး (၇)ရပ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဘဝသည် အသက်(၈)နှစ်အထိသာဖြစ်၍ အချိန်အကန့်အသတ်ရှိပါကြောင်း၊ ထိုအချိန်အတွင်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ဆောင်ရွက်ရာတွင် နည်းစနစ် မှန်ကန်မှုရှိစေရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစု စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေရှိပြီးဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအများက သဘောတူ ထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို မိမိတို့နိုင်ငံ ကလည်း လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေး(၄)မျိုး ရှိပါကြောင်း၊ အသက်ရှင်သန်မှု အခွင့်အရေးအတွက် ကိုယ်ဝန်ဆောင်ချိန်မှစ၍  လူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းဖြင့် စတင်၍ ဂရုစိုက်စောင့်ရှောက်ရန် လိုပါကြောင်း၊  မွေးဖွားပြီးနောက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးအတွက် ဦးနှောက်ဖွံ့ဖြိုးရန်နှင့် ခန္ဓာကိုယ် ကြီးထွားရန် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ အစောင့်ရှောက်ခံပိုင်ခွင့်အတွက် ကလေးသူငယ် များအား စောင့်ရှောက်မှုတွင် အကောင်းဆုံးသည် မိဘရင်ခွင်သာ ဖြစ်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် မိဘရင်ခွင့် မဲ့သွားပါက မိရင်း၊ဖရင်းသဖွယ် ပြုစုစောင့်ရှောက်မှုပေးနိုင်ရန် လိုအပ်ကြောင်း၊ ထို့အတွက် ဆွေးမျိုးသားချင်းများ၊ ကလေးပြုစုစောင့်ရှောက်ရေးဂေဟာများ၊ ပရဟိတ လူမှုအဖွဲ့အစည်းများက ဥပဒေနှင့်အညီ စောင့်ရှောက်ပေးရန်လိုကြောင်း၊ ကလေးသူငယ်များသည် အသက်အရွယ် အလိုက် လူမှုရေးရာဝန်းကျင်တွင် ပါဝင်ခွင့်ရရှိရမှာ ဖြစ်ကြောင်း၊ အဆိုပါ အခွင့်အရေး(၄)မျိုးကို ဖေါ်ဆောင်နိုင်ရန် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေကို ဖေါ်ဆောင်ထားခြင်းဖြစ်ကြောင်း၊ ထို့အတူ ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ဟန့်တားနှောက်ယှက်ခြင်းမှ ကာကွယ်ပေးရန်နှင့် လုံခြုံမှုပေးရန် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကိုလည်း ဖေါ်ဆောင်ထားပြီးဖြစ်ကြောင်း၊ အဆိုပါ ဥပဒေများကို မိဘများ၊ ပြုစုစောင့်ရှောက်သူများ၊ ကလေးသူငယ်များ၏ အစောင့်ရှောက်ခံပိုင်ခွင့်ကို ဆောင်ရွက်ပေးကြသည့် ပရဟိတဂေဟာများ၊ လူမှုရေးအဖွဲ့အစည်းဂေဟာများက လေ့လာထားကြရန် လိုပါကြောင်း၊ ကလေးသူငယ်များကို စောင့်ရှောက်မှုပေးရာတွင် မေတ္တာ၊ စေတနာနှင့် ကိုယ်ချင်းစာတရားများဖြင့်သာမက သတ်မှတ်ပြီးဖြစ်သော အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများကို လိုက်နာပေးကြရန် လိုအပ်ပါကြောင်း၊  ဖွံ့ဖြိုးတိုးတက်ရေးတွက် လူမှုဝန်ထမ်း ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အသက်(၃)နှစ်အရွယ်အထိ နေ့ကလေးထိန်းကျောင်းများ၊ မိခင်ဝိုင်း များ၊ (၃)နှစ်မှ (၅)နှစ်အရွယ်အထိ အစိုးရမူလတန်းကြို ကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိကမူကြိုကျောင်းများ၌   ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းဖြင့် ပြုစုစောင့်ရှောက်လျက်ရှိကြောင်း၊  တစ်နိုင်ငံလုံးအတိုင်း အတာတွင် လိုအပ်ချက်များစွာရှိသည့် အတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆရာဖြစ် သင်တန်းများဖွင့်၍ စနစ်တကျသင်ကြားပေးလျက်ရှိပြီး ထိုသင်တန်းဆင်းများက သတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နေ့ကလေးထိန်းဂေဟာများ၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်း များကို ဖွင့်လှစ်ကြရန် တိုက်တွန်းပါကြောင်း၊ ဝန်ကြီးဌာနကလည်း ပူးပေါင်းကူညီပေးမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကလေးကျန်းမာပညာ အဖွဲ့တို့ပူးပေါင်း၍ ကလေး(၃)နှစ်အရွယ်အထိ ပုံမှန်ဖွံ့ဖြိုးမှု ရှိ /မရှိ စိစစ်သိရှိနိုင်ရန် အချက် များကို ရေးသားပြုစုပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အွန်လိုင်း မီဒီယာများမှတစ်ဆင့် မျှဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘများနှင့် မိသားစုဝင်များ ကိုယ်တိုင် မိမိတို့ကလေးများ ပုံမှန်ဖွံ့ဖြိုးမှုရှိ /မရှိကို သိရှိ ဆန်းစစ်နိုင်ပြီး လိုအပ်ပါကအချိန်မီ ပြုစုကုသမှု ခံယူခြင်းဖြင့် မသန်စွမ်းမှုများကို လျှော့ချကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ စနစ်ကျသော မူလတန်းကြိုကာလပြုစုစောင့်ရှောက်ခြင်းသည် တစ်သက်တာအကောင်းဆုံး သင်ကြား၊ သင်ယူမှု အတွက် အရေးကြီးကြောင်း၊ အနာဂတ်နိုင်ငံနှင့် အနာဂတ်မျိုးဆက်များကောင်းရန် ရှေးဦးအရွယ် ဘဝကို အလေးထားပြီး နိုင်ငံတော်က မဟာဗျူဟာများ၊ စီမံချက်များ ရေးဆွဲချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်းနှင့် တိုင်းရင်းသားဒေသခံများ၊ ပြည်သူများက သဘောပေါက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာကြသော ပရဟိတအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ မိဘများ၊ မိသားစုဝင်များက ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာများ၊ သင်တန်းကျောင်း ဖွင့်လှစ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ မေးမြန်းကြရာ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကလေးငယ်များအား အာဟာရမုန့်နှင့် ကစားစရာအရုပ်များ ပေးဝေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter