ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြင်ဦးလွင်ခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများ ပါဝင်သော လူမှုအားမာန်အဖွဲ့များနှင့်တွေ့ဆုံ ထောက်ပံ့

ပြင်ဦးလွင်၊ ၂၁.၉.၂၀၁၉

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်ခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများ ပါဝင်သော လူမှုအားမာန်အဖွဲ့များနှင့်တွေ့ဆုံထောက်ပံ့ခြင်း အခမ်းအနားကို အင်းပုတ်ကျေးရွာ၌ ကျင်းပခဲ့ပါသည်။
    တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာအရ သက်ကြီးသူများဦးဆောင်သော သက်ကြီးသူချင်းကူညီ စောင့်ရှောက်ရေးအဖွဲ့ (Older People Self-Help Group) များကို ထောက်ပံ့လျက်ရှိပါကြောင်း၊ ယခုအခါ မျိုးဆက်သစ်လူငယ်များ၊ လူလတ်ပိုင်းများပါ ပါဝင်၍ သက်ကြီးရွယ်အိုများနှင့်အတူ ခွဲခြားမှုမရှိဘဲ ပူးပေါင်း၍ အားလုံးပါဝင်သော အချင်းချင်းကူညီစောင့်ရှောက်ရေးအဖွဲ့  ( Inclusive Self-Help Group)ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှစ၍ လူမှုအားမာန်အဖွဲ့များအဖြစ် ပြောင်းလဲဆောင်ရွက်လျက် ရှိပါကြောင်း၊ အောက်တိုဘာလ(၁)ရပ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ရောက်ရှိတော့မည် ဖြစ်ကြောင်း၊ ယခုနှစ်မှစ၍ သက်ကြီးဘိုးဘွားများအား အသက်အရွယ်ကြောင့် ခွဲခြားခြင်းမျိုးမရှိစေရဘဲ စွမ်းဆောင်နိုင်မှုအလိုက် ရှေ့ဆက် လျှောက်လှမ်း နိုင်အောင် ပံ့ပိုးကူညီ ကြရမည်ဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာကြသည့် လူမှုအားမာန်အဖွဲ့ အနေဖြင့် ကြုံတွေ့ရသည့်အခက်အခဲများအပေါ် ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း၊ ပူူးပေါင်းဆောင်ရွက်လိုသည့် နည်းလမ်းများရှိပါကလည်း လူမှုဝန်ထမ်းဦးစီးဌာနသို့ ဆက်သွယ် ညှိနှိုင်းဆောင်ရွက်နိုင်ပါကြောင်း၊ ယခုလူမှုအားမာန်အဖွဲ့များတွင် ပါဝင်နေကြသည့် သက်ကြီးရွယ်အိုများသည် အိုမင်းသော်လည်း စွမ်းဆောင်မှုအလိုက် မိမိအပါအဝင်၊ မိသားစု၊ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ ယနေ့တွေ့ဆုံရသော လူမှုအားမာန်အဖွဲ့ (၁၁)ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်သန်တည်မြဲမှုရှိနေရန် ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ပူးပေါင်း ပံ့ပိုးထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ပြင်ဦးလွင်မြို့နယ်၊ ချယ်ရီမြေသက်ကြီးရွယ်အိုစောင့်ရှောက်ရေး မြို့နယ်ချိတ်ဆက် ဆပ်ကော်မတီဥက္ကဌဦးထွန်းတင်က လူမှုအားမာန်အဖွဲ့များ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။  ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က လူမှုအားမာန်အဖွဲ့များဖြစ်သော ဖူးပွင့်ဝေဆာအဖွဲ့၊ လင်းရောင်ခြည်အဖွဲ့၊ မိုးသောက်ပန်း အဖွဲ့၊ အရုဏ်ဦးအဖွဲ့၊ စမ်းသော်တာအဖွဲ့၊ ချမ်းမြေ့သာယာအဖွဲ့၊ လပြည့်ဝန်းအဖွဲ့၊ ကြယ်စင် လင်းလက်အဖွဲ့၊ သုခရိပ်သာအဖွဲ့၊ ရောင်ခြည်ဦးအဖွဲ့နှင့် ပွင့်သစ်စအဖွဲ့မှ တာဝန်ရှိ ဘိုးဘွားများအား တစ်ဖွဲ့လျှင် ငွေကျပ် (၁၀)သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
    မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော အချင်းချင်းကူညီစောင့်ရှောက်ရေးအဖွဲ့  ( Inclusive Self-Help Group) အနေဖြင့် ပြင်ဦးလွင်မြို့နယ်တွင် (၁၁)ဖွဲ့၊ မတ္တရာမြို့နယ်တွင် (၁၀)ဖွဲ့၊ ပုသိမ်ကြီးမြို့နယ်တွင် (၈)ဖွဲ့၊ မလှိုင်မြို့နယ်တွင် (၃၀)ဖွဲ့၊ တောင်သာမြို့နယ်တွင် (၃၀) ဖွဲ့၊ မြင်းခြံမြို့နယ်တွင် (၃၀)ဖွဲ့နှင့် နွားထိုးကြီးမြို့နယ်တို့တွင် (၃၀)ဖွဲ့ စုစုပေါင်း လူမှုအားမာန် အဖွဲ့ (၁၄၉)ဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

FacebookTwitter