ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

မုံရွာ၊ ၂၁.၉.၂၀၁၉

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် အရှေ့လေးထပ် စာသင်တိုက်ရှိ ဆရာတော်အား ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာမြို့ မြို့တော်ခန်းမ၌  စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။
    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို သာတူညီမျှခံစားရရှိရေးအတွက် ကြိုးစားဖော်ဆောင်ပေးလျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနက လူမှုကာကွယ်စောင့်ရှောက်လုပ်ငန်းများကို တစ်နိုင်ငံလုံးလွှမ်းခြုံမှု ရရှိစေရေး မူဝါဒများ၊ လုပ်ငန်းစဉ်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၌ ငွေကြေးထောက်ပံ့မှုများ ဆက်စပ်ပါဝင်ကြောင်း၊ ထောက်ပံ့မှုများကို ဝန်ကြီးဌာန၏ ခွဲဝေရရှိသော ဘဏ္ဍာငွေအကန့်အသတ်ဖြင့် ဆောင်ရွက်ပေးရခြင်းဖြစ်ရာ   တစ်ချို့စီမံချက် များသည် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ လူမှုအညွှန်းကိန်းများကို အခြေခံပြီး ဦးစားပေး အဆင့်များဖြင့် ဆောင်ရွက်ပေးပါကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့မှုများကို တစ်နိုင်ငံလုံး လွှမ်းခြုံမှုဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများအား ကနဦး ထောက်ပံ့ခြင်းကိုလည်း တစ်နိုင်ငံလုံး လွှမ်းခြုံမှုရရှိစေရန် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့မှု နည်းလမ်းအပြင် ဘဝရပ်တည်မှု တိုးတက်စေရန် စဉ်ဆက်မပြက်ဖွံ့ဖြိုးတိုးတက်ပြီး စွမ်းနိုင်သမျှစွမ်းအောင် လေ့ကျင့်သင်ကြား ပံ့ပိုးမှုများကို ဆောင်ရွက်ပေးနိုင်ရန် ဥပေဒပြဌာန်းခြင်း၊ အမျိုးသားအဆင့် မဟာဗျူဟာများ ချမှတ်ခြင်း၊ အမျိုးသားကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အဆင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မသန်စွမ်းဖြစ်မှုကို လျော့နည်းအောင် ကြိုတင်ကာကွယ်သည့် နည်းလမ်းများလည်းရှိကြောင်း၊ အသက် (၃)နှစ် အရွယ်အတွင်း ကလေးသူငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွားမှုကို မိဘများ၊ မိသားစုဝင်များ၊ ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးသူများကိုယ်တိုင်က စောင့်ကြည့် မှတ်သားကာ ပုံမှန်မဟုတ်သည့် အခြေအနေများကိုသိရှိပါက ဆောလျင်စွာ ကုသမှု လေ့ကျင့်မှု ခံယူစေနိုင်မှာ ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးရေး အခြေအနေတိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (Early Childhood Intervention - ECI) လုပ်ငန်းစဉ်ကို ရှေးပြေးစီမံကိန်းအဖြစ် အကောင်အထည်ဖော်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးလည်း ပါဝင်ကြောင်း၊ ထို့ကဲ့သို့ ဆောင်ရွက်ခြင်းသည် လူတစ်ဦးချင်းစီ၏ ရသင့် ရထိုက်သောအခွင့်အရေးများကို ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်များသည် ကိုယ်ဝန်ဆောင်ချိန်မှစ၍ ရှေးဦးအရွယ်ကလေးသူငယ် ကဏ္ဍ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ သက်ကြီးရွယ်အိုကဏ္ဍ စသည်ဖြင့် ကျယ်ပြန့်သောကြောင့် ပြည်သူများ၊ အဖွဲ့အစည်းအသီးသီးက အားလုံးပူးပေါင်း ကူညီကြစေလိုကြောင်း ပြောကြား ခဲ့ပါသည်။
    ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်း အမြစ်ဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထပ်တိုးစာရင်များအရ မသန်စွမ်းသူ (၃,၂၃၀)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀,၀၀၀)နှုန်းဖြင့် ငွေကျပ်(၉၆.၉)သန်းကို  ထောက်ပံ့ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။  
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ကိုယ်တိုင် တက်ရောက် လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ပါသည်။ (၂၀၁၈ - ၂၀၁၉) ကဏ္ဍာနှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၃၇) မြို့နယ်မှ မသန်စွမ်းသူ (၁၀၉၃၄)ဦးအတွက် စုစုပေါင်းငွေကျပ် (၃၂၈)သန်း ကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုထောက်ပံ့မှုသည် ထပ်မံကောက်ယူ ရရှိသော ထပ်တိုးစာရင်းများအရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး တိုင်းဦးစီးမှူးရုံးတွင် ဖွင့်လှစ်သင်ကြားလျက် ရှိသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်းသို့ ရောက်ရှိပြီး သင်ခန်းစာများ သင်ကြားနေမှုကို လေ့လာကြည့်ရှု၍ သင်တန်းသူများအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

FacebookTwitter