ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ အားလုံးအတွက် ကနဦး ထောက်ပံ့ငွေများ ပေးအပ်

ပဲခူး၊ ၂၂.၉.၂၀၁၉

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအားလုံးအတွက် ကနဦး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြပါသည်။

    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများအတွက် အစိုးရကချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီအောင် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူကြောင့်ဖြစ်သောဘေး၊ သဘာဝကြောင့် ဖြစ်သောဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ၊ လူမှုရေးရာအဖြာဖြာနှင့် ဘေးအန္တရာယ်များကြောင့် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ဥပဒေများ၊ နည်းဥပဒေများ၊ မဟာဗျူဟာများချမှတ်ပြီးမှ အကောင်အထည်ဖေါ်ရပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့်လည်း ချိတ်ဆက်ရပါကြောင်း၊ မသန်စွမ်းသူများနှင့် ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေများ ဖော်ဆောင်ပြီးဖြစ်ကြောင်း၊  မြန်မာနိုင်ငံမသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကိုပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းပြီး လုပ်ငန်းစီမံချက်များချမှတ် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မသန်စွမ်းမှုအဆင့် ခွဲခြားသတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းသူများအား ငွေကြေး ထောက်ပံ့မှုသည် အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်နေစဉ် ကာလအတွင်း ကနဦးထောက်ပံ့ခြင်းသာဖြစ်ကြောင်း၊ နိုင်ငံတော်က မသန်စွမ်းသူများအတွက် မသန်စွမ်းရန်ပုံငွေ ထူထောင်ပေးလိုက်ပြီးဖြစ်ရာ မသန်စွမ်းသူများအား စွမ်းနိုင်သမျှစွမ်းအောင် ပံ့ပိုးကူညီပြီး အလုပ်အကိုင်များ ဖော်ဆောင်ရန် ရင်းနှီးမြှုပ်နှံပေးမည်ဖြစ်ပြီး ရေရှည်တည်မြဲအောင် အဆင့်ဆင့်ဖွဲ့စည်းထားသော မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကော်မတီများနှင့် မသန်စွမ်းသူများအသင်းအဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များအား ဆုံးရှုံးမှုမရှိရအောင် ကြိုးပမ်းခြင်းပင် ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ရရှိစေရန် ရှေးဦးအရွယ်ကလေးသူငယ်ဘဝမှစ၍ စနစ်ကျသော ပြုစုပျိုးထောင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများကို ဥပဒေနှင့်အညီဆောင်ရွက်ပေးခြင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များ ဖွံ့ဖြိုးရေး အခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (Early Childhood Intervention - ECI)  နည်လမ်းဖြင့် မသန်စွမ်းမှုလျှော့ချခြင်းများဖြင့် အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက မသန်စွမ်းသူများကို အားပေးစကားပြောကြားခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းများအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က မသန်စွမ်းသူ (၁၅,၄၉၁)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ( ၄၆၄,၇၃၀,၀၀၀) ကို ထောက်ပံ့ပေးအပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြပါသည်။ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ၂၀၁၇ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပဲခူးတိုင်ဒေသကြီးတွင် မသန်စွမ်းသူ (၁၁,၅၆၈) ဦးအတွက် ကနဦး ထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ ဆက်လက်ပြီး ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာ ဒိုင်နယ်အုပ်စု၊ ဂျောင်းတာ - ဆာဆေးတာလမ်း တံတား ပြုပြင်တည်ဆောက်ရန်အတွက် ငွေကျပ် (၉၈)သိန်းကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံခဲ့ကြပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ကိုယ်တိုင် တက်ရောက်လာ ကြသော မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး မသန်စွမ်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter