ပြည်ထောင်စုနယ်မြေတွင် မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာ ရှင်းလင်းခြင်းကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

စက်တင်ဘာ၊ ၂၅ နေပြည်တော်
    နေပြည်တော်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ပြည်ထောင်စုနယ်မြေ အတွင်းရှိ လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကျယ်ပြန့်အားကောင်းစွာ ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ ရှင်းလင်းခြင်းကို ပျဉ်းမနားမြို့၊ သုခစိုးခန်းမ၌  ယနေ့နံနက်ပိုင်းကကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။    
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံများတွင် လူငယ်များနှင့် ပတ်သက်၍ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်မူဝါဒများ အသီးသီးရှိကြကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းမှာ လူငယ်များ၏ကဏ္ဍကို အလေးထားပါကြောင်း၊ ထို့ အတွက် မိမိတို့နိုင်ငံ၌ လူငယ်ရေးရာမူဝါဒတစ်ရပ်ပေါ်ပေါက်ရေးအစိုးရသစ်၏  ရက်(၁၀၀) စီမံချက် တွင်ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒကို နိုင်ငံတစ်ဝန်းရှိ လူငယ်များ၏ အသံကို ကိုယ်စားပြုသော ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ ကိုယ်စားပြုလူငယ်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများက ပူးပေါင်း၍ အတွေ့အကြုံများ၊ ဆွေးနွေးအကြံပြုချက်များ၊ ပံ့ပိုးကူညီမှု များပေးခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်  မြန်မာနိုင်ငံ၏လူငယ်ရေးရာမူဝါဒကို ပြဋ္ဌာန်း ခဲ့ပါကြောင်း၊ လူငယ်ရေးရာကော်မတီကို နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီး၌ ဖွဲ့စည်းထားပြီး ခရိုင်၊ မြို့နယ်များအလိုက် ကော်မတီအဆင့်အဆင့်ကိုလည်း ထပ်ဆင့် ဖွဲ့စည်းလျက်ရှိပါကြောင်း၊ မူဝါဒပါ ကဏ္ဍ(၁၆)ရပ်ကို အကောင်အထည်ဖော်နိုင်ရန် မဟာဗျူဟာများ လည်း ရေးဆွဲထားပြီးဖြစ်ကြောင်း၊ လူငယ်ရေးရာကော်မတီဝင်များက ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုရွေးချယ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းနှင့်ကိုက်ညီသည့် စီမံချက်များရေးဆွဲဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ လူငယ်များက လုပ်ငန်းစီမံချက်များကို စနစ်တကျရေးဆွဲနိုင်ပါက အာဆီယံဒေသတွင်းမိတ်ဆွေ နိုင်ငံများ၊ နိုင်ငံတကာမိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း အခွင့်အလမ်းများရှိကြောင်း၊ လူငယ်ထုသည် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံကျော်ရှိသည်ကို သိရှိရပါကြောင်း၊ ယင်းလူငယ်များ သည် အနာဂတ်နိုင်ငံ၏ အင်အားဖြစ်ပါကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း တာဝန်ယူကြရမည်ဖြစ်ရာ အရည်အသွေးပြည့်ဝသူများဖြစ်ရန် ကိုယ်တိုင်လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် အသက် (၁၅)နှစ်မှ (၃၅)နှစ်အထိ လူငယ်ဟုသတ်မှတ်ထားသည့် အချိန်အကန့် အသတ်အတွင်း အကောင်းဆုံးအခြေအနေများဖြစ်အောင် အချိန်ကိုအကျိုးရှိစွာ အသုံးချကြရန် တိုက်တွန်းပါကြောင်း၊ သို့မှသာ နောင်လာမည့်မျိုးဆက်သစ်လူငယ်များအတွက် ကောင်းသောအမွေ များ ချန်ထားနိုင်မှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် တန်ဖိုးရှိသောအချိန်များကို မလိုလားအပ်သော ကိစ္စများကြောင့် နစ်နာဆုံးရှုံးမှု မရှိကြစေရန် ဥပဒေဘောင်အတွင်း စည်းလုံးစွာနေထိုင်ကြရန်လည်း တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။                                ထို့နောက် နေပြည်တော်လူငယ်ရေးရာကော်မတီဥက္ကဌ၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်(၄)မြို့နယ်၌ မြို့နယ်အဆင့် လူငယ်ရေး ရာကော်မတီများ ထပ်ဆင့်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ လူငယ်များ၏ ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှု အတွက် လူငယ်ရေးရာမူဝါဒကို ပြဋ္ဌာန်းပြီး လမ်းဖွင့်ပေးထားခြင်းဖြစ်ရာ အကောင်အထည်ဖော်ရာ၌ အားလုံးတက်ကြွစွာ ပါဝင်နိုင်ရေးကိစ္စများကို အကြံပြုဆွေးနွေးခဲ့ပါသည်။            ဆက်လက်ပြီး ပညာပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေး များက တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူငယ်ရေးရာ ကော်မတီဝင်များ၊ တက်ရောက်လာကြသော လူငယ်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများက စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။
    

 

FacebookTwitter