ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပညီလာခံပိတ်ပွဲသို့တက်ရောက်ခြင်းနှင့် Korea Disability Develop

 နေပြည်တော်၊ ၃.၁၀.၂၀၁၉
    ကိုရီးယားသမ္မတနိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ဆိုးလ်မြို့၊ Westin Chosun ဟိုတယ်တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ လုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပ ညီလာခံ ပိတ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ညီလာခံသို့ အာရှနှင့်ဥရောပနိုင်ငံများမှ သက်ကြီးရွယ်အိုနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသော ဝန်ကြီးဌာနများမှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ASEM Global Ageing Centre မှတာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ကြီးရွယ်အို ကိစ္စ ရပ်များဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် လူမှုရေးအဖွဲ့အစည်းများတက်ရောက်၍ မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များ၊ အကြံဉာဏ်များနှင့် အတွေ့အကြုံများကို မျှဝေခဲ့ကြပြီးနောက် ကိုရီးယားအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌက ညီလာခံပိတ်ပွဲတွင် အမှာစကားပြောကြားပြီး အခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းပေးခဲ့ပါသည်။
    ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ကိုရီးယားသမ္မတနိုင်ငံ၊ ကျန်းမာရေးနှင့် သာယာဝ ပြောရေးဆိုင်ရာဝန်ကြီးဌာနလက်အောက်ရှိ Korea Disability Development Institute ၏ President ဖြစ်သူ Ms. Choi Kyung-suk အား တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မသန်စွမ်း သူများဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ မသန်စွမ်းသူများအား assisted device များပေးအပ်နိုင်ရေး၊ မသန်စွမ်းသူများလွယ်ကူစွာသွားလာလှုပ်ရှားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ KODDIအဖွဲ့အစည်း၏ဆောင်ရွက်ချက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် KODDI အဖွဲ့၏ပံ့ပိုးမှုဖြင့် မသန်စွမ်းသူများဖွင့်လှစ်ထားသော "I got everything"ကော်ဖီဆိုင်အားသွားရောက်၍ ဉာဏ်ရည်မသန်စွမ်းသူများ၊ ကိုယ်လက်အင်္ဂါမသန် စွမ်းသူများအနေဖြင့် အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်စေရေး လုပ်ကိုင်ဆောင်ရွက်ထားရှိမှုများ၊ မသန်စွမ်းသူများ စက်ပစ္စည်းကိရိယာများ ကိုင်တွယ်ရာတွင် အန္တရာယ်မဖြစ်စေရေးစီစဉ် ဆောင် ရွက်ထားရှိမှုများ၊ ကော်ဖီဆိုင်များအား အစိုးရ၊ KODDIနှင့် မသန်စွမ်းအေဂျင်စီများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ဖွင့်လှစ်ထားရှိမှုများကိုလေ့လာခဲ့ပြီး၊ အဆိုပါ "I got everything" ကဲ့သို့ ကော်ဖီဆိုင်များအား မြန်မာနိုင်ငံတွင် ရန်ကုန်၊ နေပြည်တော်စသည့် မြို့ကြီးများတွင် ဖွင့်လှစ်နိုင် ရေးပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆွေးနွေးလေ့လာခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့်အတူ ဆိုလ်းမြို့ရှိ မြန်မာနိုင်ငံသံရုံးတွင် ကိုရီးယားသမ္မတနိုင်ငံတွင် ပညာသင်ကြား လျက်ရှိသော မြန်မာ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပါသည်။
    တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  နိုင်ငံရပ်ခြားတွင်လာရောက် ပညာဆည်းပူးနေကြသူ များသည် မိမိနိုင်ငံ၏ သံတမန်များပင်ဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံကဲ့သို့ တိုးတက်သော နိုင်ငံတွင်လာရောက်နေထိုင်စဉ် ဤနိုင်ငံတိုးတက်မှုကို မည်ကဲ့သို့ဆောင်ရွက်ခဲ့သည်ကို သိရှိ အောင်လေ့လာ၍ အတုယူစေခြင်ကြောင်း၊ ဤနိုင်ငံရှိပြည်သူတစ်ဦးချင်းစီက ဖွံ့ဖြိုးတိုးတက် အောင်ကြိုးစားမည်ဟုပြင်းပြသော သန္နိဌာန်ချမှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရသည့်အတွက် အတုယူစေလိုကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်တွင် ကြိုးစားလျှောက်လှမ်းလျက်ရှိရာတွင် ပြည်သူတစ်ဦးချင်းစီအတွက် အခွင့်အရေးများကို ဖေါ်ဆောင်လျက်ရှိရာ ပြည်သူတစ်ဦးချင်းစီကလည်း မိမိတို့ထမ်းဆောင်ရမည်တာဝန်များကို ကျေပွန်အောင်အကောင်းဆုံးကြိုးစားဆောင်ရွက်မည်ဟု ဆုံးဖြတ်ဆောင်ရွက်လျှင် နိုင်ငံအမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ကလေးငယ်မှ စ၍သက်ကြီးရွယ်အို အထိ ဘဝစက်ဝန်းတစ်လျှောက် လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖေါ်ဆောင် ရင်း လိုအပ်သောဥပဒေ၊ မူဝါဒများကိုနိုင်ငံတကာ Convention နှင့်ကိုက်ညီအောင် မိမိနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ရာသီဥတု အပြောင်း အလဲနှင့်လိုက်လျောညီထွေသော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပြည်သူလူထုအခြေပြုစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ကဦးတည်ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ထူထောင် ရေးအတွက် လိုက်လျောညီထွေရှိမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေးတို့ကို ကြိုးစား ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံသို့ရောက်ရှိနေသူများသည် သိရှိပါဝင်ဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ နိုင်ငံတိုင်းတွင် တရားဥပဒေစိုးမိုးရန်ဆောင်ရွက်လျက်ရှိကြသဖြင့် မိမိတို့၏အခွင့်အရေး များကို ရရှိရန်ဆောင်ရွက်ရာတွင် မိမိရောက်ရှိနေသောနိုင်ငံ၏ တရားဥပဒေများကိုလည်း လိုက်နာ ရန်အရေးကြီးကြောင်း၊ ယခုလာရောက်ကြသူများသည် လူငယ်များဖြစ်နေကြသည်ကို တွေ့ရှိရ ကြောင်း၊ လူငယ်များသည် အကန့်အသတ်ရှိသည့်လူငယ်အရွယ်တွင် အချိန်ကိုအကျိုးရှိစွာ ကုန်ဆုံးစေပြီး မိမိဘဝအတွက်အကျိုးရှိအောင် နိုင်ငံအတွက် အကျိုးပြုနိုင်အောင်နှင့် ဆက်လက် ရောက်ရှိလာမည့် ပညာသင်လူငယ်များအတွက် လက်ဆင့်ကမ်းအမွေကောင်းများချန်ထားခဲ့နိုင်ရန် ကြိုးစားရန်နှင့် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာတိုးတက်အောင် ဆောင်ရွက်ရန်တာဝန်ရှိကြောင်း၊ မြန်မာ နိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများကို အဟန့်အတားဖြစ်စေသည့် သတင်းအမှားများကို ချေဖျက်နိုင်ရန် မိမိနိုင်ငံ၏ ပကတိအခြေအနေအမှန်တရားကို သိရှိအောင်ကြိုးပမ်းကြစေလိုကြောင်း၊ မိမိတို့ ကြိုးပမ်းဆောင်ရွက်နေသော အမှန်သတင်းများကို သိရှိနိုင်အောင် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ဝန်ကြီးဌာနများနှင့် အဆက်အသွယ်မပျက်ရန်နှင့် မြန်မာနိုင်ငံသံရုံး နှင့်လည်း လိုအပ်တိုင်းဆက်သွယ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများအား အတိုချုပ်ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာသံအမတ်ကြီးနှင့်အတူ တက်ရောက်လာကြသူများ၏ မေးမြန်းလိုသည်များကိုမေးမြန်း၍ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့ပြီး တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter