၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနား ကျင်းပ

နေပြည်တော်၊ ၁.၁၀.၂၀၁၉
    ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-2) ၌ ကျင်းပသည်။
    အခမ်းအနားတွင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယခင်နှစ်များနည်းတူ မိမိတို့မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ သက်ကြီးရွယ်အိုများ၏ လူမှုအဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့ခြင်းများကို ကျေးဇူးပြုသောအားဖြင့်လည်းကောင်း၊ လက်ရှိလူမှုအဖွဲ့အစည်းအတွက် သက်ကြီးရွယ်အိုများသည် အကျိုးရှိနေဆဲ၊ အသုံးဝင်နေဆဲဖြစ်သည်ကို အသိအမှတ်ပြုလိုသောရည်ရွယ်ချက်ဖြင့် လည်းကောင်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို (၁၉၉၉)ခုနှစ်ကစ၍ မပျက်မကွက် ကျင်းပဂုဏ်ပြု ခဲ့သည်မှာ ယနေ့အထိဖြစ်ပါကြောင်း။
    ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ပိုမိုအနှစ်သာရ ပြည့်ဝ စေရန်အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးက “The Journey to Age Equality” “အသက်ကြောင့် မခွဲခြားတို့ဘိုးဘွား၊ စွမ်းအားတူညီလျှောက်လှမ်းမည်”ဟူ၍ ယခုနှစ်အတွက် ဆောင်ပုဒ်အဖြစ် သတ်မှတ် ပေးခဲ့ပါကြောင်း၊ နိုင်ငံများအကြား အသက်အရွယ်၊ ကျား/မ၊ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေးနှင့် အခြားအခြေအနေများအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် မညီမျှမှုများကို လျှော့ချနိုင်ရန် အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၁၀)တွင် ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် သက်ကြီးရွယ်အိုများကိုလည်း အသက်အရွယ်ကြောင့် ခွဲခြားခြင်းမရှိဘဲ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍတို့တွင် ချန်လှပ်ထားမှုမရှိဘဲ အတူတကွ ပါဝင်ဆောင်ရွက်ခွင့်ပေးရန် လိုအပ်ပါကြောင်း၊ ယခုဆောင်ပုဒ်၏ အနှစ်သာရများနှင့်အညီ သက်ကြီးရွယ်အို အရေးကိစ္စများ ဆောင်ရွက် သည့်နေရာတွင် အလေးထားဆောင်ရွက်သွားနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
    အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် (၁၀) သိန်းစီကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှတစ်ဆင့် လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ကြီး ရွယ်အိုများ၏ ဝင်ငွေလုံခြုံရေးကို အထောက်အကူပြုနိုင်ရန်အတွက် အမျိုးသားလူမှုရေးပင်စင်အစီအစဉ်ကို ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေး နှစ်ကတည်းက စတင်အကောင်အထည်ဖော်လာခဲ့ရာ ယခုအခါ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေ (၁၈၀,၀၀၀)ကျော်သည် တစ်လ (၁၀,၀၀၀) ကျပ် နှုန်းဖြင့် (၃) လတစ်ကြိမ် (၃၀,၀၀၀)ကျပ် ပုံမှန်ခံစားခွင့်ရနေ ကြပြီ ဖြစ်ပါကြောင်း၊ လာမည့်ဘဏ္ဍာ ရေးနှစ်များတွင်လည်း နိုင်ငံတော်၏ ရန်ပုံငွေတတ်စွမ်း နိုင်မှုအပေါ်မူတည်ပြီး အကျုံးဝင်အသက်ကို လျှော့ချပြီး ထောက်ပံ့ခြင်းနှင့် အကျိုးခံစားခွင့်ငွေကြေးကို တိုးမြှင့်ပေးခြင်းစသည်တို့ကို ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း။
    ထို့ပြင် ၂၀၁၉-၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ်မှစတင်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အစီအစဉ်အသစ်တစ်ခုဖြစ်သည့် သက်ကြီး ရွယ်အိုများအတွက် မျိုးဆက်အသီးသီး၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ ပါဝင်သည့် “Inclusive Self-Help Group” “လူမှုအားမာန်” အဖွဲ့များကို ကျေးရွာ အဆင့်များတွင်ဖွဲ့စည်းပြီး သက်ကြီးရွယ်အိုများနှင့် အခြားမျိုးဆက်များအတွက်ပါ အပြန်အလှန် ကူညီ စောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတော်က ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ထို့အတွက်လည်း နိုင်ငံတော်မှ ရန်ပုံငွေခွဲဝေချ ထားပေးပြီး ဖြစ်ပါကြောင်း၊ ကနဦးတွင် အဆိုပါ လူမှုအားမာန် အဖွဲ့ပေါင်း(၁၅၀)ဖြင့် စတင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့အစည်းတစ်ခုစီကို လူမှုဝန်ထမ်းဦးစီးဌာန ရန်ပုံငွေမှ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက် ချက်များကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကနဦးမတည်မှု ရန်ပုံငွေအနေဖြင့် ငွေကျပ်(၁၀)သိန်းစီ ထောက်ပံ့ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ အလားတူ သက်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်း များကလည်း ထပ်လောင်းထောက်ပံ့သွားမည်ကို ယခုအပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် သတင်းကောင်း ပါးခြင်းဖြစ်ပါကြောင်း။
    နိဂုံးချုပ်အနေဖြင့် မိမိတို့သည် သက်ကြီးရွယ်အိုများကို လေးစားထိုက်၊ ဂုဏ်ပြုထိုက်သူများဖြစ်၍ အခမ်းအနား ကျင်းပပေးရုံ သက်သက်မဟုတ်ပဲ သက်ကြီးရွယ်အိုများ၏ဘဝ အမှန်တကယ် လုံခြုံမှု ရှိစေရေးနှင့် သက်ကြီးရွယ်အိုများ၏စွမ်းအားကို နိုင်ငံတော် တည်ဆောက်ရေးဖြစ်စဉ်တွင် ထည့်သွင်း အသုံးပြုသွားနိုင်ရေး အတွက်လည်း အခွင့်အလမ်းဖန်တီးပေးရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
    ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သော သဝဏ်လွှာကို UN Resident & Coordinator ဖြစ်သူ Mr. Andrew Krikwood က ဖတ်ကြားသည်။
    ယင်းနောက် ကဏ္ဍအလိုက် ထူးချွန်အဘိုးအဘွားများနှင့် ဂုဏ်ပြုခံ အဘိုးအဘွားများထံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌဦးဝင်းမြနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆေးဝါးပစ္စည်းနှင့် အလှူငွေများကို ပေးအပ်လှူဒါန်း ကြသည်။
    ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ Help Age International (Myanmar)၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်များက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေး ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်သည်။
    ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ ကိုယ်စားလှယ်များက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကျင်းပရေး ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
    ယင်းနောက် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွား(၁၂)ဦးက Zumba အကဖြင့် ဖျော်ဖြေတင်ဆက် ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
    ထို့နောက် လူမှုအားမာန်အဖွဲ့မှ အဖွဲ့ဝင်များက အားမာန် သရုပ်ဖော်ပြဇာတ်ဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်နှင့် ဒုတိယဝန်ကြီးဦးကြည်မင်းတို့က ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်သည်။
    ယင်းနောက် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ချက်ဗီဒီယို မှတ်တမ်းကိုပြသပြီး ဘိုးဘွားများကိုယ်စား အဘိုးဦးအောင်မြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြား သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊နိုင်သက်လွင်၊ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဦးကြည်မင်း တို့သည် ထူးချွန်ဘိုးဘွားများ၊ ဂုဏ်ပြုခံဘိုး ဘွားများ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
    အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဦးကြည်မင်းနှင့် ဧည့်သည်တော်များသည် အဆိုပါ ခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက် ရေးဂေဟာ (ရန်ကုန်)၊ သက်ကြီး ဆရာဝန်များထောက်ကူအဖွဲ့၊ Help Age International၊ လူမှုအားမာန်အဖွဲ့၊ Noble Mind Organization ၊ Save the Aged ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုစောင့် ရှောက်ရေးအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လှုပ်ရှားမှု ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
    အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ဇနီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၏ဇနီး၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ နေပြည်တော်ကောင်စီဝင်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေး သူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ထူးချွန်ဘိုးဘွားများ၊ ဂုဏ်ပြုခံ ဘိုးဘွားများ၊ ဖိတ်ကြားထားသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
    ယနေ့အခမ်းအနားတွင် ထူးချွန်ဘိုးဘွားတစ်ဦးလျှင် အလှူငွေကျပ်(၁)သိန်း၊ ဂုဏ်ပြုခံဘိုးဘွား တစ်ဦးလျှင် အလှူငွေကျပ် ၅၀၀၀၀နှင့် ဂါရဝပြုလက်ဆောင်များ ပေးအပ်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

FacebookTwitter