ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ရောက်ရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂအဖွဲ့အစည်း အကြီးအကဲများနှင့်တွေ့ဆုံ


ဂျီနီဗာ၊ ၁၀.၁၀.၂၀၁၉
     ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အောက်တိုဘာလ (၇)ရက်မှ (၁၁)ရက်နေ့အထိ ကျင်းပ‌ နေသော အကြိမ်(၇၀)မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အမှုဆောင် ကော်မတီအစည်းအဝေးတွင် ပါဝင်တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဌတို့နှင့်တွေ့ဆုံခဲ့ပါသည်။
     (၈.၁၀.၂၀၁၉)နေ့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Mr. Filippo Grandi နှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးသည် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်မှုများစွာ ဆောင်ရွက် ထားပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် စိန်ခေါ်မှုများစွာရှိပြီး ပိုမိုရှုပ်ထွေးလာပါကြောင်း၊ မြန်မာနိုင်ငံအစိုးရသည် ဖြစ်ပွားခဲ့သော ရေရှည်ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအကောင်အထည်ဖော်ဆောင်မှု၊ UEHRD စီမံကိန်းအောက်တွင် လုပ်ငန်း အဖွဲ့(၁၀)ဖွဲ့ဖြင့် ဆောင်ရွက်မှု၊ UNDP နှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက် ဆောင်ရွက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များ ဖော်ထုတ်ထားရှိမှု၊ အာဆီယံကလည်း ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန်နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် မည့် လုပ်ငန်းစဉ်များ ဖော်ထုတ်ထားရှိမှု၊ "ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ" ကို အတည်ပြုထားရှိမှု၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နှင့် လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ Mr. Filippo Grandi ကလည်း မေလအတွင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့စဉ် ပြောင်းလဲတိုးတက်မှုများကိုမြင်ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အရေးကြီးဆုံးနှင့် အမြန်ဆောင်ရွက်သင့် သည်မှာ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသို့သွားရောက်၍ သတင်းမှန်များ ရှင်းလင်းပြောကြားသင့်ပါ ကြောင်း၊ ရခိုင်အရေးမှာ အတော်ရှုပ်ထွေးပါကြောင်း၊ တစ်ဘက်နိုင်ငံ ရောက်နေသူများနည်းတူ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများကိစ္စကိုလည်း အလေးထား ဖြေရှင်းဆောင်ရွက်သင့်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် UNDP နှင့် UNHCR တို့၏ လုပ်ငန်းများကို နားလည်မှုစာချွန်လွှာအတိုင်း ပိုမိုပူးပေါင်းဆောင်ရွက်သင့်ပါကြောင်းနှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်အောင် ဆောင်ရွက် သင့်သည့်လုပ်ငန်းများကို အကြုံပြုဆွေးနွေးခဲ့ပါသည်။
     (၉.၁၀.၂၀၁၉)နေ့တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ( ICRC )၏ ဥက္ကဌ ဖြစ်သူ Mr. Peter Maurer နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး ကြက်ခြေနီလှုပ်ရှားမှု ( Red Cross Movement )ဖြင့် ဆောင်ရွက်ခဲ့မှုများအတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ လက်ရှိလုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ ဖြေရှင်းနိုင်ရေးအတွက် ယမန်နေ့ကပင် နေပြည်တော်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအဆင့်မှ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်၍ လုပ်ငန်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရလဒ်ကောင်းများပေါ်ထွက်ခဲ့ပါကြောင်း၊ ကချင်ပြည်နယ်တွင်လည်း လူသားချင်းစာနာ ကူညီမှု လုပ်ငန်းအတွက် ICRC နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သကဲ့သို့ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာ ချထားရေးအတွက် "ပြည်တွင်းနေရပ်စွန်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ"အရ ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်မည် ဖြစ်ပါကြောင်းနှင့် ရခိုင်ပြည်နယ်တွင် ပြန်လည်လက်ခံရေး လုပ်ငန်းများအတွက် မြန်မာနိုင်ငံမှ ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေများကို အသိပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ICRC၏ ဥက္ကဌ Mr. Peter Maurer ကလည်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ တွေ့ကြုံနေရခြင်းအတွက် သက်ဆိုင်ရာပြည်နယ်အစိုးရ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ ညှိနှိုင်းရရှိချက်များကို လက်တွေ့တစ်ဆင့်ချင်းတစ်ဆင့် အကောင်အထည်ဖော်ရန် ဖြစ်ပါကြောင်း၊ ICRC အနေဖြင့် မိုင်းအန္တရာယ် လျှော့ချရေး အသိပညာပေးခြင်းလုပ်ငန်းတွင် အထူးကျွမ်းကျင်သူများရှိပါကြောင်း၊ ကချင်ပြည်နယ်တွင် မိုင်းအန္တရာယ်လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်လိုပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်လိုပါကြောင်း၊ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးတွင် ICRC အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။
     (၉.၁၀.၂၀၁၉) ရက်နေ့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ Ms. Mami Mizutori နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်‌ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်တိုးတက်မှု အစီရင်ခံစာကို ယမန်နှစ်က တင်သွင်းနိုင်မှု၊ အစီရင်ခံစာပြုစုရာတွင် လိုအပ်‌သော သတင်းအချက်အလက်များကို စုစည်းနိုင်ရန် နိုင်ငံတော်အဆင့် သတင်းအချက်အလက်စနစ်တစ်ရပ် ထူထောင်ရေးနှင့် ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှုကို အွန်လိုင်းမှတစ်ဆင့် စောင့်ကြည့်လေ့လာနိုင်ရေးအတွက် နည်းပညာအကူအညီပေးအပ်ခြင်းကို ကျေးဇူး တင်ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးဒဏ်ခံနိုင်ရည်ရှိသော မြို့တော်စီမံကိန်းအတွက် မော်လမြိုင်မြို့အားရွေးချယ်ထားရာ မွန်ပြည်နယ်တွင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး စီမံချက်ရေးဆွဲရေးတွင် လိုအပ်သောအရင်းအမြစ်များ ကူညီပေးစေလိုပါကြောင်း ဆွေးနွေး ခဲ့ပါသည်။ Ms. Mami Mizutori ကလည်း မြန်မာနိုင်ငံသည်ဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး ဆောင်ရွက်ရာတွင် အသိအမှတ်ပြုသင့်သည့်နိုင်ငံ ဖြစ်ပါကြောင်း၊ ဆန်ဒိုင်းမူဘောင်၏ Target E အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုမှာ ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်‌ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ နိုင်ငံတော်အဆင့် မူဝါဒလမ်းစဉ် ထူထောင်ရန် ဆောင်ရွက်နေကြောင်းသိရ၍ ဝမ်းမြောက်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် ပိုမိုပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter