လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ (၃/၂၀၁၉) အစည်းအဝေးကျင်းပ

နေပြည်တော်၊ ၁.၁၁.၂၀၁၉
    လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု များမှ ကာကွယ်တားဆီးရေးကော်မတီ၏(၃/၂၀၁၉)အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပရာ ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးမှာ ကော်မတီ ၏ တတိယအကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ ကော်မတီအား (၇.၁.၂၀၁၉) ရက်နေ့ တွင်နိုင်ငံတော်သမ္မတရုံးမှဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ယခင်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ အရ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ     ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း၍ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား ရေးဆွဲခဲ့ပါကြောင်း၊ ကလေးသူငယ်များသည် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်ရှောက်ခံ ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်စသည့် အခွင့်အရေးများ ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကိုလည်ကောင်း ပြဌာန်းနိုင်ခဲ့ပါကြောင်း၊ အဆိုပါဥပဒေတွင် လက်နက်ကိုင် ပဋိပက္ခအတွင်းရှိ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မည့် ပြဌာန်းချက်များ ပါဝင် ပါကြောင်း၊ ကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (United Nation Child Rights Convention) တွင်လည်း မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မိမိတို့ကော်မတီတွင် လုပ်ငန်းတာဝန် (၁၀) ရပ်ရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအား ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တာဆီးရန် အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲနိုင်ရေး တာဝန်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းအတွက် တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များအား ကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အသိပညာပေးမှုများ ဆောင်ရွက်ရန် လိုပါကြောင်း၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် United Nation  Country Task Force on Monitoring and Reporting (UNCTFMR)နှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် UNCTFMR မှ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အပေါ် အကြံပြုချက် (၂၃)ချက်ပေး ပို့ခဲ့ပါကြောင်း၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် သတ်မှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများလည်း ရှိပါကြောင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းများအား ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မှန်ကန်သည့် လုပ်ရပ်များအား ဆောင်ရွက် သွားရန်လိုပါကြောင်း၊ အစည်းအဝေးတွင်လည်း ပိုမိုကောင်းမွန်သည့် ရလဒ်များရရှိရန် တက်ရောက်လာသည့် ပုဂ္ဂိုလ်များမှ ဆွေးနွေးသွားရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကျင်းပခဲ့သော လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီး ရေး လုပ်ငန်းကော်မတီ၏ ကိုယ်စားလှယ်အဖွဲ့ (Core Group)နှင့် Country Task Force  Monitoring and Reporting – CTFMR အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ CTFMR ၏ အကြံပြုချက်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။
    အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊   အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အပေါ် အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter