ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကယားပြည်နယ်အတွင်း ထိခိုက်လွယ်အုပ်စုများအား ထောက်ပံ့ငွေများပေးအပ်

လွိုင်ကော်၊ ၂.၁၁.၂၀၁၉
    ကယားပြည်နယ်အတွင်းရှိ မသန်စွမ်းသူများနှင့် မိခင်ဝိုင်းများအား လူမှုကာကွယ် စောင့်ရှောက်ရေး အထောက်အပံ့များပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်အစိုးရခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှို၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူများအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ရေရှည်မျှော်မှန်းကာ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက် ရန်အတွက် ငြိမ်းချမ်းရေးသည် အရေးကြီးပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုများကို ပြည်သူများ အားလုံး သာတူညီမျှခံစားရရှိရန်လိုကြောင်း၊ ထို့ကြောင့် လိုအပ်ချက်ရှိသောနေရာများကို ပိုမိုဖြည့်ဆည်းပေးခြင်းဖြင့် ရေရှည်တွင် သာတူညီမျှမှုကို ရရှိလာစေမှာဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသည် ထိခိုက်လွယ်အုပ်စုထဲတွင်ပါဝင်သည့် မသန်စွမ်းသူများနှင့် ရှေးဦးအရွယ်ကလေးသူငယ်များအတွက် ငွေကြေးထောက်ပံ့ခြင်းဖြစ်ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များသည် ကိုယ်ဝန်ဆောင်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ ဆောင်ရွက်ပေးရသောကြောင့် ကျယ်ပြန့်ပါကြောင်း၊ လုပ်ငန်းစီမံချက်များ ချမှတ်နိုင်ရန် ဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာများ ရေးဆွဲဖော်ဆောင်ရကြောင်း၊ အနာဂတ်လူ့စွမ်းအား အရင်းအမြစ်များကောင်းမွန်စေရန် မျှော်မှန်းချက်ထားကာ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်များ ငွေကြေးထောက်ပံ့ခြင်းနှင့် ပညာပေးလုပ်ငန်းကို ဦးစားပေးဆောင်ရွက်သည့် တိုင်းဒသကြီးနှင့် ပြည်နယ်များတွင် ကယားပြည်နယ်ပါဝင် ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုများရရှိစေရန် ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ဥပဒေအသစ် ကိုလည်း ဖော်ဆောင်ပေးပြီးဖြစ်ကြောင်း၊ လူငယ်များ၏ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် လူငယ်ရေးရာမူဝါဒကို လူငယ်များကိုယ်တိုင် ပါဝင်ရေးဆွဲစေခဲ့ပြီး အကောင်အထည် ဖော်လျက်ရှိကြောင်း၊ မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးအပြည့်အဝ ရရှိစေရန် ဥပဒေနှင့် နည်းဥပဒေကို ဖော်ဆောင်ပြီး အမျိုးသားကော်မတီကိုဖွဲ့စည်း၍ ရေရှည်တွင် မသန်စွမ်းသူများ၏ စွမ်းနိုင်မှုအလိုက် ပိုမိုကောင်းမွန်စနစ်ကျသော ပံ့ပိုးကူညီမှုများ ရရှိအောင် ကြိုးပမ်းလျက်ရှိကြောင်း၊ ယခုထောက်ပံ့မှုများသည် ကနဦးထောက်ပံ့မှုများသာ ဖြစ်ကြောင်းနှင့်  လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် မိမိတို့ဝန်ကြီးဌာန တစ်ခုတည်း ဆောင်ရွက်၍ မရသောကြောင့်  ပြည်သူများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ အစိုးရ မဟုတ်သော လူမှုအဖွဲ့အစည်းများက အားလုံးဝိုင်းဝန်း ပူးပေါင်းပေးကြပါရန် တိုက်တွန်း လိုပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ်များနှင့် ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးရည်မှန်းချက် အောင်မြင်အောင် ပြည်သူများအားလုံးက ဆက်လက်ပူးပေါင်း ကြိုးပမ်းပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ်အတွင်းရှိ မိခင်ဝိုင်း (၃၀)ဝိုင်းအတွက် ဝိုင်းခေါင်းဆောင်ထောက်ပံ့ငွေနှင့် ကလေးငယ်များ၏ နေ့လယ်စာ အာဟာရ(၃)လစာတွက် ထောက်ပံ့ငွေကျပ် ၁၅,၃၀၀,၀၀၀/-(ကျပ်တစ်ရာငါးဆယ့်သုံးသိန်း တိတိ)၊ မသန်စွမ်းသူ(၁၀၂၈)ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၀,၈၄၀,၀၀၀/-(ကျပ်သုံးရာ့ ရှစ်သိန်းလေးသောင်းတိတိ)တို့ကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် လာကြသောမသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခြင်း၊ ကလေးငယ်များအား အာဟာရမုန့်နှင့်ကစားစရာအရုပ်များ ပေးဝေခြင်းများကို ဆောင်ရွက် ခဲ့ပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter