ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်မည့်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ဘွဲ့ရတိုင်းရင်းသားလူငယ်များနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တွေ့ဆုံ

နေပြည်တော်၊ ၆.၁၁.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ဦးစီးဌာနအသီးသီးမှတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်ကြမည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ( ရန်ကုန်၊ စစ်ကိုင်း)တို့မှ ပညာသင်ယူခဲ့သော ဘွဲ့ရတိုင်းရင်းသားလူငယ်များနှင့် တွေ့ဆုံခဲ့ပါသည်။
    တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် အားလုံးသာတူညီမျှခံစားရရှိရေးကို ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် လူမှုရေးရာဒုက္ခခံစားနေရသူများ၊ သဘာဝဘေးနှင့် လူ့ကြောင့်ဖြစ်သော ဘေးများကြောင့် ဒုက္ခခံစားနေရသူများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာကိစ္စများတွင် ပြန်လည်ထူထောင်ပေးရန်လိုအပ်သူများကို စေတနာ၊ မေတ္တာ၊ ကိုယ်ချင်းစာစိတ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေးသူငယ်မှစ၍ သက်ကြီး ရွယ်အိုအထိ ရသင့်သည့်အခွင့်အရေးများကို ခွဲခြားမှုမရှိဘဲ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများဖြင့် ဖော်ဆောင်ပေးလျက်ရှိကြောင်း၊  တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုစိတ်ဓါတ်သည် တစ်နိုင်ငံလုံး၌ လွှမ်းခြုံမှုရှိရန် လိုအပ် ကြောင်း၊ ယခုတာဝန်ထမ်းဆောင်ကြမည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များမှ တိုင်းရင်းသားပေါင်းစုံပါဝင်သောသင်တန်းဆင်းများကို ကြိုဆို ပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ကြသည့်အတွက် ဝန်ကြီးဌာနက ဆောင်ရွက် နေသည့် လုပ်ငန်းများနှင့် သင့်လျော်ကိုက်ညီမှုရှိကြောင်း၊ ပြည်သူကိုတိုက်ရိုက် အကျိုးရှိ စေမည့် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ပြည်သူ၏ ချစ်ခင်လေးစားမှုကိုရရှိသော ဝန်ထမ်းကောင်းများဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ တိုင်းရင်းသားပေါင်းစုံပါဝင်သော ဝန်ထမ်းများအဖြစ် နိုင်ငံအနှံ့၊ ဌာနအသီးသီးတွင် ပါဝင်တာဝန်ထမ်းဆောင်ခြင်းဖြင့် တိုင်းရင်းသားအားလုံး ချစ်ကြည်ရင်းနှီးမှု ပိုမိုကျယ်ပြန့်ခိုင်မြဲပြီး ငြိမ်းချမ်းရေးတည်ဆောက် ရာတွင် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာလာစေမည်ဟု ယုံကြည်ကြောင်း၊ ကြိုးစား ဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ဒုတိယဝန်ကြီးနှင့် ဌာနအသီးသီးက တာဝန်ရှိသူများက နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ကြပါသည်။
     ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ၂၀၁၈ _ ၂၀၁၉ ပညာသင်နှစ် ဘွဲ့ရတိုင်းရင်းသားလူငယ်(၂၅)ဦးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် တာဝန်ပေး အပ်ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter