ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နိုဝင်ဘာ၊ ၁၃၊ နေပြည်တော်
    ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်၊ ၂၁၀၆၊ အပိုဒ် (၁၀) အရ အကောင်အထည်ဖော်ရမည့် အချက် (၃) ချက်နှင့် ပူးတွဲကြေညာချက် (Joint Communique) ပါ ဦးစားပေးကဏ္ဍ (၆) ရပ်တို့အပေါ် အခြေတည်၍ ရေးဆွဲထားသော အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
    အစည်းအဝေးတွင်  ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ် ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့အစည်းအဝေးကို အမျိုးသားအဆင့်ကော်မတီဝင်များ၊ လုပ်ငန်း ကော်မတီဝင်များအပြင် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များနှင့် သက်ဆိုင်သည့်အဖွဲ့ အစည်း အသီးသီးမှကိုယ်စားလှယ်များပါ တက်ရောက်ကြသည့်အတွက် Joint Communique နှင့်ပတ်သက်၍ ထပ်မံရှင်းပြလိုပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီသို့ အစီရင်ခံစာတင်သွင်းခဲ့ကြောင်း၊ အစီရင်ခံစာအရ ပဋိပက္ခအတွင်း လိင်အကြမ်း ဖက်မှု တားဆီးကာကွယ်ရေးနှင့်တုန့်ပြန်ဆောင်ရွက်မှုများကို ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျူးလွန် သူအား အချိန်နှင့်တစ်ပြေးညီ စစ်ဆေးဖော်ထုတ်အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်ရန်လိုအပ်ပြီး ပူးတွဲ ကြေညာချက်ကို အတည်ပြု၍အကောင်အထည်ဖော်မည့် အစီအစဉ်တို့ကိုရေးဆွဲဆောင် ရွက်ရန် တို့ဖြစ်ကြောင်း၊ ထို့အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့၌ ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ်နှင့်  ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်ရန် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရေးဆွဲ နိုင်ရေးအတွက် အမျိုးသားအဆင့်ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ်၊ မတ်လ၊ ၂၆ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ကြောင်း၊ လုပ်ငန်းတာဝန် (၅) ရပ်ကိုလည်း ချမှတ်ပေးခဲ့ပါကြောင်း၊ ပူးတွဲကြေညာချက်ပါ ဆောင်ရွက်ရမည့် ကဏ္ဍများအနက် ဦးစားပေးကဏ္ဍများကို သတ်မှတ်၍ အရှိန်အဟုန်တိုးမြှင့် အကောင်အထည်ဖော်ရန်၊ အမျိုးသား အဆင့်လုပ်ငန်းစီမံချက်တစ်ရပ်ကို ပြည်တွင်း၌ညှိနှိုင်းရေးဆွဲရန်၊ လုပ်ငန်းစီမံချက်ရေးဆွဲရာတွင်  ကုလသမဂ္ဂမှ နည်းပညာနှင့် အကြံဉာဏ်များ ရယူနိုင်ရေးဆောင်ရွက်ရန်၊ ပူးတွဲကြေညာချက် အကောင်အထည်ဖော်ရာတွင် တိုးတက်မှုရလဒ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာသို့အသိပေးရန်နှင့် အမျိုးသမီးများအားလိင်အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍  သတင်းမီဒီယာများမှတစ်ဆင့်  ပြည်သူများအား အသိပညာပေးလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားအဆင့်ကော်မတီအနေဖြင့် လုပ်ငန်းစီမံချက် (မူကြမ်း) တစ်ရပ်ကို ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများထံသို့  သဘောထားမှတ်ချက်များ အကြိမ်ကြိမ်တောင်းခံခဲ့ ပါကြောင်း၊ ပြန်လည်ပေးပို့ လာသော သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ခြင်း၊  ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ပေးပို့လာသော အကြံဉာဏ်များကို ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် အမျိုးသားအဆင့် ကော်မတီအစည်းအဝေး (၄) ကြိမ်ပြုလုပ်ခဲ့ပြီး အသေးစိတ်ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်၍ အတည်ပြုခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးကို ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်လိုသည့်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက် (မူကြမ်း)ကိုလည်း အသေးစိတ်ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပြီး တက်ရောက်လာကြသူများက လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး သွားကြရန်လည်း ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစီမံချက်ကို နိုင်ငံတော်သမ္မတရုံးမှ အတည်ပြုနိုင်ရေး ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊  လုပ်ငန်းစီမံချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းကော်မတီက အဓိက အရေးပါသောကဏ္ဍမှာရှိသောကြောင့် လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများက မိမိတို့ကဏ္ဍအလိုက် အကောင်အထည်ဖော်ရန် လိုအပ်သော ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြရန်လည်း မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ လုပ်ငန်းစီမံချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်း ကော်မတီဥက္ကဌ ၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတည်ပြုရေးဆွဲ ထားသော လုပ်ငန်းစီမံချက် (မူကြမ်း)ကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပူးတွဲကြေညာချက် (Joint Communique) ကို အကောင်အထည်ဖော်ရန် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ရေးဆွဲ ဆောင်ရွက်ခြင်း အတွက် ဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း၊  အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို လေ့လာပြီးဖြစ်ကြောင်း၊ ကူညီပံ့ပိုးမှုများပေးသွား မည်ဖြစ်ကြောင်းပြောကြားခဲ့ကြပြီး     စီမံချက်အပေါ် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှအဖွဲ့ဝင်များက အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ကြရာ အမျိုးသားအဆင့်ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များက ပြန်လည်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြပါသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူ့လိုအပ်ချက်များကို ဖြည့်ဆည်း အကောင်အထည်ဖော်ရာတွင် အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ဆောင်ရွက်ပါကြောင်းနှင့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အခက်အခဲများကို တစ်ဖက်နှင့်တစ်ဖက် နားလည်မှုရှိစွာ ပူးပေါင်း ညှိနှိုင်းဆွေးနွေး ပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း  နိဂုံးချုပ်စကားပြောကြားခဲ့ပြီး တက်ရောက်လာ သူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter