ဒုတိယဝန်ကြီးဦးစိုးအောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ စေတနာ့ဝန်ထမ်းဝန်ဆောင်မှုဌာနနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဝန်ကြီးဌာနများသို့ သွားရောက်လေ့လာ

နိုဝင်ဘာ ၁၅၊ နေပြည်တော်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးစဉ် ဒုတိယနေ့အဖြစ် (၁၄-၁၁-၂၀၁၉) ရက်နေ့နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ Chayang ခရိုင် စေတနာ့ဝန်ထမ်းဝန်ဆောင်မှုဌာနသို့ သွားရောက်လေ့လာခဲ့ရာ ပြည်သူ့ရေးရာ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် စေတနာဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက လက်ခံ တွေ့ဆုံခဲ့ပါသည်။
ပြည်သူ့ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စေတနာဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် စေတနာ့ဝန်ထမ်းဝန်ဆောင်မှုလုပ်ငန်းအား (၁၉၈၀) ခုနှစ် ကျော်တွင် ကနဦးဆောင်ရွက်ခဲ့ရာမှ နိုင်ငံတော်အစိုးရ၏ဦးဆောင်ပံ့ပိုးမှုဖြင့် ကျယ်ပြန့်စွာ တိုးချဲ့ ဆောင်ရွက်မှုအခြေအနေ၊ ရပ်ကွက်တစ်ခုဖြင့်စတင်ခဲ့ရာမှ တစ်နိုင်ငံလုံးအပြင် မိတ်ဆွေနိုင်ငံများ အထိ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်အောင် ကြိုးစားခဲ့မှု၊ ပြည်သူတို့၏ လူမှုရေးရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကဏ္ဍဍစုံတွင် ပံ့ပိုးကူညီမှု၊ စေတနာဝန်ထမ်းဝန်ဆောင်မှုဌာန၌ အင်တာနက်မှ တဆင့် အကူအညီလိုပါက ကူညီဆောင်ရွက်ပေးမှုအခြေအနေ၊ စေတနာဝန်ထမ်းအဖြစ် အထက်တန်းကျောင်း၊ တက္ကသိုလ်၊ ရပ်ကွက်၊ မြို့နယ် အသီးသီးမှ ပြည်သူများအားဆန္ဒအလျောက် ပါဝင်လာစေရေး စည်းရုံးမှုအခြေအနေ၊ ပါဝင်ဆောင်ရွက်နေသည့် စေတနာဝန်ထမ်းများ စဉ်ဆက်မပြတ် တက်ကြွစွာ ဆောင်ရွက်စေရေးအတွက်အခြေခံသင်တန်းနှင့် နယ်ပယ်လိုက်ဆိုင်ရာ အထူးသင်တန်းများ ဆောင်ရွက်ပေးမှု၊ စေတနာ့ဝန်ထမ်း ဆောင်ရွက်မှုကြာချိန်နာရီပေါ်မူတည်၍ ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များပေးမှု၊ ထူးချွန်စေတနာ့ဝန်ထမ်း (သို့မဟုတ်)စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတို့အား နှစ်စဉ်ရွေးချယ်၍ ဂုဏ်ပြုခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးဦးစိုးအောင်ကလည်း စေတနာ့ဝန်ထမ်း လှုပ်ရှားမှုသည် မြန်မာနိုင်ငံတွင်လည်းဆောင်ရွက်လျက်ရှိကြောင်း၊ လူထုအခြေပြုအဖွဲ့အစည်း များအဖြစ် တက်ကြွစွာဆောင်ရွက်နေမှုအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ညှိနှိုင်းစုစည်းပေါင်းစပ် ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ တွင်လည်း စေတနာ့ဝန်ထမ်းများ ခေါ်ယူလေ့ကျင့်ဆောင်ရွက်မှုများ ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ကူညီပေးနေသည့် တရုတ်နိုင်ငံအခြေပြု ထင်ရှားသည့် Blue Sky Resuce ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့အပါအဝင် စေတနာ့ဝန်ထမ်းအဖွဲ့များနှင့်လည်း ရင်းရင်းနှီးနှီး ဆက်လက် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဝန်ကြီးဌာနသို့သွားရောက်ခဲ့ရာ အဆိုပါဝန်ကြီးဌာနမှဒုတိယဝန်ကြီး H.E Mr. Fu Jianhua ဦးဆောင်ပြီး ဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များက ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံဆောင်ရွက်နေသည့် သဘာဝဘေးနှင့် လူ့ကြောင့် ဖြစ်သောဘေးများ လျော့ပါးရေးဆိုင်ရာအတွေ့အကြုံများအား ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
နှစ်နိုင်ငံကိုယ်စားလှယ်များဆွေးနွေးရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ တွင် တွေ့ကြုံနေရသည့်စိန်ခေါ်မှုများနှင့်ဖြေရှင်းမှုများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် နည်းပညာဖလှယ်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အပါအဝင် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်များ၊ ဘေးအန္တရာယ်ကျရောက်နိုင်ခြေဖော်ထုတ်ခြင်း၊ ကြိုတင်သတိပေးခြင်း၊ ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများတွင် နိုင်ငံအလိုက်ဆောင်ရွက်မှုပုံစံနှင့် မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးနိုင်မည့် အလားအလာ၊ ဘေးအန္တရာယ်တုံ့ပြန်မှုအတွက် အစိုးရဘက်မှတာဝန်ရှိသူများနှင့် လူထုအခြေပြုအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းနှင့် အခြေအနေများ၊ နှစ်နိုင်ငံဝန်ကြီးဌာန အသီးသီး၏ တူညီသည့်လုပ်ငန်းဦးတည်ချက်၊ ကွဲပြားသည့်လုပ်ငန်းဦးတည်ချက်တို့အပေါ်မူတည်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် နိုင်ငံတကာနှင့် ပေါင်းစပ်ဆောင်ရွက်မှုအတွက် စည်းမျဉ်း၊ ဥပဒေများနှင့် လက်တွေ့ကျင့်သုံးမှုအခြေအနေ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ကဏ္ဍဍများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ဖြစ်သည့် မဲခေါင်-လန်ချန်းအစီအစဉ်၊ ASEAN + China အစီအစဉ်၊ One Belt- One Road Initiative အစီအစဉ်များ၌ မြန်မာနိုင်ငံက ဆက်လက်၍ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် တရုတ်နိုင်ငံမှ လှူဒါန်းခဲ့မှုများ၊ လက်ရှိအသုံးပြုနေမှုနှင့် ထပ်မံ လိုအပ်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter