ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရှန်ဟိုင်းမြို့ရှိ အမှတ်(၁) ဘိုးဘွားရိပ်သာသို့သွားရောက်လေ့လာ

နိုဝင်ဘာလ ၁၆၊ နေပြည်တော်
    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးစဉ် တတိယနေ့အဖြစ် (၁၅.၁၁.၂၀၁၉)ရက်နေ့တွင် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ယင်းနေ့ နေ့လယ်ပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ အမှတ်(၁)ဘိုးဘွားရိပ်သာသို့ သွားရောက်လေ့လာခဲ့ရာ ရှန်ဟိုင်းဒေသ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် Mr. Qinhao Zhu နှင့် တာဝန်ရှိသူများ က လက်ခံတွေ့ဆုံခဲ့ပါသည်။
    ရှေးဦးစွာ ရှန်ဟိုင်းဒေသ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအကြောင်း ရှင်းလင်းရာ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် မိဘမဲ့(သို့)မိဘမှ ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း မရှိသည့် ကလေးသူငယ်များအား ကူညီပံ့ပိုး လျက်ရှိပါကြောင်း၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဌာနအနေဖြင့် ပြည်သူများ၏ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ လက်ထပ်ခြင်းဆိုင်ရာ အချက်အလက်များ ကောက်ခံခြင်းအပြင် လူမှုရေးရာဝန်ဆောင်မှုများအား ပြည်သူကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ရန် ကြိုးစားလျက် ရှိပါကြောင်း၊ လူမှုရေးအဖွဲ့အစည်း/ အသင်းများအား ကြီးကြပ်လျက်ရှိပါကြောင်း၊ ရှန်ဟိုင်းမြို့သည် နိုင်ငံတကာသတ်မှတ်ချက်များအရ အသက်ရှည်သူများ နေထိုင်ရာမြို့ဖြစ်ပြီး နေထိုင်သူ(၂၅)သန်း၏ ၃၄ရာခိုင်နှုန်းကျော်မှာ အသက်(၆၀)ကျော် သက်ကြီးနိုင်ငံသားများ ဖြစ်နေသောကြောင့် ゞင်းပြည်သူများကို ပံ့ပိုးကူညီ ပေးရန် ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ သက်ကြီးပြုစုစောင့်ရှောက်ရေးအစီအစဉ်အရ နိုင်ငံတော်၏လမ်းညွှန်ကူညီမှုဖြင့် ရှန်ဟိုင်းမြို့ရှိ သက်ကြီး(၉၀)ရာခိုင်နှုန်းကျော်အား ゞင်း၏မိသားစု များက စောင့်ရှောက်လျက်ရှိပြီး (၇)ရာခိုင်နှုန်းကျော်အား ရပ်ကွက်အဆင့် ဘိုးဘွားဝန်ဆောင်မှု ဌာနများမှ စောင့်ရှောက်ပေးကာ ကျန်(၃)ရာခိုင်နှုန်းခန့်ကိုသာ ဘိုးဘွားရိပ်သာတွင် နေထိုင်လျက် ရှိပါကြောင်း၊ ရှန်ဟိုင်းမြို့တွင် အစိုးရ၊လူမှုရေးအဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီမံခန့်ခွဲနေသော ဘိုးဘွား ရိပ်သာ(၇၀ဝ)ကျော်ရှိပြီး ရပ်ကွက်အဆင့် ဌာန(၃၀ဝဝ)ကျော်ရှိပါကြောင်း၊ သက်ကြီးဘိုးဘွားများ စောင့်ရှောက်ရေးအတွက် သိထားသင့်သည့် ဝန်ဆောင်မှုများ၊ မူဝါဒများ၊ ငွေကြေးတတ်နိုင်သည့် စောင့်ရှောက်မှု ခံယူသူများအနေဖြင့် ကျခံပေးရမည့်ကုန်ကျစရိတ်တို့အား မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးလျက်ရှိပါကြောင်း၊ ယနေ့လာရောက်လေ့လာသည့် အမှတ်(၁) ဘိုးဘွားရိပ်သာအား ၁၉၆၄ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ရှန်ဟိုင်းမြို့၏ စံနမူနာရိပ်သာအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်မှစ၍ နေ့စဉ်အတွက် စောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြန်လည်ထူထောင်ရေး၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ ပဋိပက္ခဖြစ်ရပ်စီမံခန့်ခွဲမှု၊ ရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့မှု စသည့်ကဏ္ဍဍကြီး (၆)ရပ်အား ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိသားစုအသွင် နွေးထွေးစွာ စောင့်ရှောက်နိုင်ရေးအတွက် ဘိုး/ဘွား(၁၅၀)သာ  လက်ခံထားပါကြောင်းရှင်းလင်းခဲ့ရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်ကလည်း မြန်မာနိုင်ငံတွင် နိုင်ငံတော်အဆင့်မှ သက်ကြီးစောင့်ရှောက်ရေး အလေးထားဆောင်ရွက်နေမှု၊ သက်ကြီးလူမှုရေးပင်စင်အား နိုင်ငံတော်၏ ဘဏ္ဍဍာငွေလျာထားမှုနှင့်အညီ အသက်များ လျှော့ချ ထောက်ပံ့ပေးနေမှု၊ မြန်မာနိုင်ငံရှိ ဘိုးဘွားရိပ်သာများအား ကြီးကြပ်ကွပ်ကဲမှု၊ ဘိုးဘွားရိပ်သာတွင် တာဝန်ထမ်းဆောင်သူများအား စွမ်းဆောင်ရည်ကောင်းမွန်စေရေးအတွက် လေ့ကျင့်သင်ကြားပေးမှု တို့အား ပြန်လည်ဆွေးနွေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်သူ့ရေးရာဌာနမှ တာဝန်ရှိသူများက ရှန်ဟိုင်းမြို့ရှိ မိဘမဲ့ဂေဟာ (၁၆၀ဝ)ကျော်တွင် မသန်စွမ်းမိဘမှ စွန့်ပစ်ခံကလေးများ၊ ငွေရေးကြေးရေးအခက်အခဲကြောင့် မိဘမှစောင့်ရှောက်ရန် မတတ်နိုင်သည့်ကလေးများ၊ မိဘများ အခြားအရပ်တစ်ပါးသို့ သွားရောက် အလုပ်လုပ်နေသဖြင့် စောင့်ရှောက်မှုခံယူရခြင်းမရှိသည့် ကလေးများအတွက် ကွဲပြားခြားနားသည့် ချဉ်းကပ်မှုများဖြင့် ကူညီပေးနေမှုအခြေအနေ၊ မသန်စွမ်းသူများအတွက်အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက ဝန်ထမ်းအဖြစ် အချိုးကျခန့်အပ်ရန် တွန်းအားပေးခြင်း၊ အခွန်ကင်းလွတ်ခွင့်ပြုခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများကလည်း အသေးစိတ်မေးမြန်းဆွေးနွေးခြင်း၊ မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ မသန်စွမ်းသူများအခွင့်အရေး အတွက်ဥပဒေများ ပြဌာန်းအကောင်အထည်ဖော်နေမှုဖြင့် နိုင်ငံတော်အစိုးရက ဦးဆောင်ပံ့ပိုးမှု များအားလည်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။
    ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘိုးဘွားရိပ်သာအတွင်း ဘိုးဘွားများ နေ့စဉ် လူမှုဘဝအသွင် ပြန်လည်ရရှိစေရေးအတွက် စာဖတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဂီတဖန်တီးခြင်း၊ ရိုးရှင်းသည့် လက်မှုလုပ်ငန်းဆောင်ရွက်ခြင်းတို့အား ကြီးကြပ်ကူညီသူများဖြင့် ဆောင်ရွက်နေမှု၊ ခန္ဒာကိုယ်နှင့် စိတ်ပိုင်းကျန်းမာမှုအတွက် ရိပ်သာမှဆောင်ရွက်ပေးနေမှု၊ ခေတ်မှီစက်ကိရိယာ များသုံး၍ ပြန်လည်ထူထောင်ရေး၊ ပြန်လည်ဝင်ဆံ့ရေးဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံလေ့လာကာ ရိပ်သာရှိ ဘိုးဘွားများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခြင်း၊ ဘိုးဘွားများ၏အတွေ့အကြုံများအား မေးမြန်းဆွေးနွေးခြင်း၊  ဘိုးဘွားများ၏ လုပ်ဆောင်နေမှု များတွင် ပါဝင်ဆောင်ရွက်ပေးကာ စိတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်စေခြင်း၊ ပြုစုစောင့်ရှောက်မည့် သူများအား သက်ကြီးတို့ဖြစ်လေ့ရှိသည့် မသန်စွမ်းမှုများ၊ ကိုယ်တိုင်ခံစားတတ်စေပြီးမှ မည်သို့ စောင့်ရှောက်သင့်သည်ကို စနစ်တကျ သင်တန်းပေးမှု၊ မြန်မာနိုင်ငံတွင် အလားတူ ပြည့်စုံ ကောင်းမွန်သည့် ဘိုးဘွားရိပ်သာများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

FacebookTwitter