ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကျား/မ တန်းတူညီမျှရေး ပေကျင်းကြေငြာချက် ၂၅ နှစ်ပြည့် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အာရှ-ပစိဖိတ်ဝန်ကြီးများအဆင့် ညီလာခံသို့ တက်ရောက်၍ သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံ

နိုဝင်ဘာ ၂၉ ၊ ဘန်ကောက်
    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ မွန်းလွဲပိုင်းက UN. Women ဌာနချုပ်၏ Deputy Executive Directorဖြစ်သူ Ms. Anita Bhatia နှင့် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် အစိုးရဝန်ထမ်းများ အပါအဝင်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး ဆိုင်ရာကိစ္စများတွင် UN.Women နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော ကုလသမဂ္ဂစာချုပ်များ၊ သဘောတူညီချက်များနှင့်ပတ်သက်၍ အစီရင်ခံစာရေးသားခြင်း၊ နိုင်ငံတကာနှင့် အတွေ့အကြုံများမျှဝေခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မရှင်၊ အာဆီယံအမျိုးသမီးများကော်မတီတို့တွင် ဦးစီးဦးဆောင် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ကျား/မ ရေးရာကို ထည့်သွင်းစဉ်းစားသည့် ဘတ်ဂျက်စနစ် ဖြစ်ပေါ်လာရေး စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Korea Women Development Institute (KWDI) အဖွဲ့အစည်းနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် မြို့နယ်အဆင့်အထိ လုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် စွမ်းဆောင်ရည်မြင့်မားရေး၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဆိုင်ရာဥပဒေမှုကြမ်းရေးဆွဲ ဆောင်ရွက်နေမှုများ၊ ကျား/မရေးရာနှင့် ပတ်သက်၍ မူဝါဒ ရေးဆွဲဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကုလသမဂ္ဂနှင့် လက်မှတ်ထိုးထားသည့် ပဋိပက္ခများအတွင်း အမျိုးသမီးများပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်တုံ့ပြန်ရေးဆိုင်ရာ ပူးတွဲသဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းစီမံချက်ရေးဆွဲ ဆောင်ရွက်နေမှုများ အပေါ် KWDI နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
    ယင်းနောက် နိုဝင်ဘာလ (၂၉) ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျား/မတန်းတူညီမျှရေး ပေကျင်းကြေငြာချက် (၂၅)နှစ်ပြည့် ပြန်လည်သုံးသပ်မှုဆိုင်ရာ အာရှ-ပစိဖိတ် ဝန်ကြီးများအဆင့်ကြေငြာချက်စာတမ်း အတည်ပြုခြင်းနှင့် အစည်းအဝေးပိတ်ပွဲ ကျင်းပခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter