ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၂၀၁၉ အာရှ-ပစိဖိတ် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံသို့တက်ရောက်

ဒီဇင်ဘာ ၆ ၊ ဟနွိုင်း
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ၄.၁၂.၂၀၁၉ မှ ၆.၁၂.၂၀၁၉ ထိ ကျင်းပပြုလုပ်သည့် ၂၀၁၉ အာရှ-ပစိဖိတ် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ညီလာခံသို့ ၄.၁၂.၂၀၁၉နေ့ နံနက်ပိုင်းတွင် ပထမနေ့အဖြစ် တက်ရောက်ခဲ့ပါသည်။
    အဆိုပါဖွင့်ပွဲ အခမ်းအနား၌ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Vu Duc Dam အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ Chair of ARNEC (Asia-Pacific Regional Network for Early Childhood) ဥက္ကဌ Dr. Sheldon Shaeffer, Regional Director of UNICEF East-Asia and Pacific Regional Office, Ms. Karin Hulshof, Regional Director of UNESCO Asia and Pacific Regional Bureau for Education, Mr. Shigeru Aoyagi, Minister for Ministry of Labor, Invalids and Social affairs (အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးဆိုင်ရာဝန်ကြီးဌာန) Mr. Dao Ngoc Dung တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြား ခဲ့ပါသည်။
    ယင်းနောက် New York မြို့၊ Columbia University မှ Health Policy Expert Dr. Carlos Dora နှင့် ကျွမ်းကျင်ပညာရှင်များက the role of Policies and Partnership အကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။
    ဖွင့်ပွဲအခမ်းအနားပြီးနောက် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ညီလာခံသို့တက်ရောက် လာကြသော နိုင်ငံအသီးသီးနှင့် အဖွဲ့အစည်းအသီးသီးတို့မှ ကိုယ်စားလှယ်များသည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည် ။
    ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များပါဝင်သော ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
    အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပါဝင်ဆွေးနွေးခဲ့ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ စေတနာဝန်ထမ်းအဖွဲ့ အစည်းများက ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
    ကလေးသူငယ်ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့်ပတ်သက်၍ ဆက်လက်ရှင်းလင်း ပြောကြားရာတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းဥပဒေပြဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းပြီးစီးမှုအခြေအနေ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်ゞင်းတို့ကမွေးဖွားလာသော (၂) နှစ်အောက်ကလေးငယ်များအား ငွေကြေး ထောက်ပံ့မှုနှင့် အသိပညာပေးမှုအစီအစဉ်ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
    ထို့နောက် ကလေးသူငယ်များ မသန်စွမ်းဖြစ်ခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ အာဟာရချို့တဲ့ခြင်း၊ နာတာရှည်ဖြစ်ခြင်းတို့မှ လျှော့ချပေးရန်နှင့်ကာကွယ်ပေးရန် ဝန်ကြီးဌာနက အကောင်အထည်ဖော် လုပ်ဆောင်နေသည့် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ( Early Childhood Intervention )များကို ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ရှိ ရှေ့ပြေးဝန်ဆောင်မှု စီမံချက်နေရာများတွင် အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ပေးနေခြင်းများအား ဆွေးနွေးပြောကြားခဲ့ပါသည်။
    ထို့အပြင် မသန်စွမ်းကလေးသူငယ်များကို ပြုစုစောင့်ရှောက်ရေးဌာနများ၊ ကျောင်းများဖွင့်လှစ် စောင့်ရှောက်ပေးနေမှု အခြေအနေများ၊ မိခင်ဝိုင်းများဖွင့်လှစ်၍ ရပ်ရွာအခြေပြုဆောင်ရွက်နေမှု အခြေအနေများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ပြောကြားခဲ့ပြီး ကလေးသူငယ်များနှင့်ပတ်သက်၍ ပြုစုစောင့်ရှောက်ရေး၊ ကျန်မာရေးဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေးတို့အတွက် ယခုလိုညီလာခံမှတဆင့် အသိပညာအတွေ့အကြုံနှင့် နည်းပညာ ဖလှယ်မှုများရရှိကာ ကလေးသူငယ်များ၏ အနာဂတ်တွင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
    ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညီလာခံဒုတိယနေ့အစီအစဉ်ကို ဆက်လက် တက်ရောက်ခဲ့ကြ ပါသည်။
    ထို့နောက် East Asia Pacific regional office (UNICEF) ၏ ECD advisor ဖြစ်သူ Mr. Pabalo Stansbery နှင့် တွေဆုံကာ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များ၊ နည်းပညာအကူအညီပေးရေး ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
    ဤညီလာခံသို့ မြန်မာနိုင်ငံအနေဖြင့် ဝန်ကြီးဌာနကိုယ်စားလှယ်များနှင့်အတူ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြသော ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း များလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter