အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု ထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

ဒီဇင်ဘာ ၇၊ နေပြည်တော်
    အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်အခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေပြည်တော် Park Royal ဟိုတယ်၌  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ ပါသည်။
    အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်ကို ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက် (Gender Equality Network) က စီစဉ်ကျင်းပခဲ့ပြီး အခမ်းအနားကို  လွတ်လပ်ခြင်းနှင့်ဖဲကြိုးဖြူ သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူသားတစ်ဦးချင်း  အနေဖြင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးသည့်ကိစ္စဖြစ်ကြောင်း၊ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အန္တရာယ်များကို ကာကွယ်ပေးရန်လိုပါကြောင်း၊ အမျိုးသမီးများနှင့်ပတ်သက်၍ အကြမ်းဖက်မှုကာကွယ်ရေးသည် အရေးကြီးသည့် အချက်ဖြစ်သလို အမျိုးသမီးနှင့်အမျိုးသားများသည် တန်းတူအခွင့်အရေး ရရှိရေးသည်လည်း အရေးကြီးကြောင်း၊ တန်းတူအခွင့်အရေး ရရှိလျှင်  အကြမ်းဖက်မှု လျော့နည်းနိုင်ကြောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ပေးရေးသည် အားလုံးတွင်တာဝန်ရှိပါကြောင်း၊ ထိုကဲ့သို့ ကာကွယ်ပေးရန် မူဝါဒနှင့်ဥပဒေများ ရှိရမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အမျိုးသမီးများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကာအကွယ်ပေးနိုင်ရေး ဥပဒေရှိရန် ကြိုးပမ်းခဲ့ကြပါကြောင်း၊ မကြာခင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေ ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ်များအကြမ်းဖက်မှုမှ ကာကွယ်ရေးကို ဥပဒေပေါ်ပေါက်မှသာ ဆောင်ရွက် ရမည်မဟုတ်ပါကြောင်း၊ ကျွန်တော်တို့သည် လူသားများဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး အကြမ်းမဖက်ရဘူးဆိုသည်ကို လူသားဆန်စွာဖြင့် အသိအမြင်ရှိကြရမှာဖြစ်ကြောင်း၊ ဖဲကြိုးဖြူ၏ သဘောတရားသည် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ ဆန့်ကျင့်သည့်သဘောတရားဖြစ်၍ ထာဝရဖဲကြိုးဖြူသည် မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို ထာဝရဆန့်ကျင်ရမည့် သဘောဖြစ်ကြောင်း၊  မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ ကော်မတီတွင် အစိုးရဌာန ဆိုင်ရာ အဖွဲ့အစည်းများအပြင် ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက် (Gender Equality Network)အပါအဝင် အမျိုးသမီးအရေးတက်ကြွစွာဆောင်ရွက်နေကြသည့် အဖွဲ့(၇)ဖွဲ့ ပါဝင် ပါကြောင်း၊ အမျိုးသမီးများ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်အတွက် အကြမ်းဖက်မှုများမှ ကာကွယ် ပေးရန်  ပြည်သူများအသိပညာများ ပိုမိုသိရှိလာစေရန်နှင့် ပိုမိုပါဝင်လာစေရန်  (၁၆) ရက်တာ လှုပ်ရှားမှုကို ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုမှ ကာကွယ်ခြင်းသည် ပဋိပက္ခများကို ငြိမ်းချမ်းအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေး သဘောတူစာချုပ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ကျား၊မရေးရာ အခြေပြုအကြမ်းဖက်မှုများကို ကာကွယ်နိုင် ရေးနှင့် ကဏ္ဍဍအသီးသီးတွင် အမျိုးသမီးများ (၃၀) ရာခိုင်နှုန်းပါဝင်ရေး အချက်များ ပါဝင်ကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှကာကွယ်ပေးရန် ဆောင်ရွက်ပေးကြသည့် အဖွဲ့အသီးသီးနှင့် ယနေ့ထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်ပေးကြသည့်အတွက် မြန်မာနိုင်ငံ လုံးဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ Trocaire Myanmar ၏တာဝန်ရှိသူတစ်ဦးက ထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်နှင့်ပတ်သက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက် (Gender Equality Network) အကြောင်းကို  ဗီဒီယိုမှတ်တမ်းပြသခဲ့ပြီး တာဝန်ရှိသူတစ်ဦးက ထာဝရဖဲကြိုးဖြူအခမ်းအနား ကျင်းပရခြင်းနှင့် ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားခဲ့ပါသည်။  
    ယင်းနောက် ထာဝရဖဲကြိုးဖြူအမည်ဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော လှုပ်ရှားမှုများကို ဗီဒီယိုဖြင့် ပြသခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာ ကြသူများက စုပေါင်းမှတ်တင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို သရုပ်ဖော်ဇာတ်လမ်းတိုများ၊ သံချပ်၊ သီချင်းများ ဖျော်ဖြေခြင်းနှင့် ပညာပေးအစီအစဉ်များဖြင့် ဆက်လက်ကျင်းပခဲ့ကြပါသည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် အမျိုးသမီးအရေးတက်ကြွစွာလှုပ်ရှား ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
    အစိုးရအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UN CEDAW)ကို အခြေခံ၍ မြန်မာအမျိုးသမီးများ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးဥပဒေကို ဖော်ဆောင်လျက် ရှိခြင်း၊ ၂၀၁၉ခုနှစ်အတွင်း ဖော်ဆောင်ခဲ့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင် အသက်(၁၈)နှစ်အောက်အမျိုးသမီးငယ်ရွယ်သူများအပါအဝင် ကလေးသူငယ်များအားအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်းကို ထည့်သွင်းပြဋ္ဌဌာန်းခြင်း၊ ပဋိပက္ခများအတွင်း အမျိုးသမီးများအား လိင်အကြမ်းဖက်မှုမှကာကွယ်စောင့်ရှောက်ရန် အစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အမျိုးသမီးအရေးတက်ကြွစွာ လှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ ပြည်သူများအားလုံးနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter