ရခိုင်ပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ခြင်းအစီအစဉ်အား ဆောင်ရွက်လျက်ရှိ

၇.၁၂.၂၀၁၉၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား အဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်ကိုအခြေခံ၍ အာဟာရ၊ ကျန်းမာရေး ဆိုင်ရာနှင့် ဆင်းရဲမှုအခြေအနေ အညွှန်းကိန်းများမြင့်မားနေသော ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ အတွက် ငွေကြေးအထောက်အပံ့ပေးသည့် (MCCT)အစီအစဉ် စတင်အကောင်အထည်ဖော်ခဲ့ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ပြည်နယ်တို့တွင်တိုးချဲ့ ဆောင်ရွက်ခဲ့ပါသည်။
    အဆိုပါ MCCT အစီအစဉ်တွင် အကျုံးဝင်သော ရခိုင်ပြည်နယ်အတွင်းရှိ  မြို့နယ်(၁၇) မြို့နယ်တွင် (၁.၇.၂၀၁၇)ရက်နေ့မှစတင်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား တစ်လလျှင်(၁၅၀ဝဝ/-)နှုန်းဖြင့် ငွေကြေး ထောက်ပံ့ပေးအပ်ခြင်းအစီအစဉ်အား ဆောင်ရွက်လျက်ရှိပါသည်။
    ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် စစ်တွေမြို့နယ်အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် တတိယနှင့် စတုတ္တအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်မှုအဖြစ် ၂၀၁၉ ခုနှစ် (ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊သြဂုတ်၊ စက်တင်ဘာ) လများအတွက် (၁၁.၉.၂၀၁၉)ရက်နေ့မှ (၃၀.၁၀.၂၀၁၉)ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက် (၃၂) ကွက်အား မြိုနယ်ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
    ရခိုင်တိုင်းရင်းသားကျေးရွာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ အကျဉ်းထောင်များသို့ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများမှ (Mobile Team)ဖြင့် ကွင်းဆင်းသွားရောက်၍ ထောက်ပံ့မှု ပေးခြင်းနှင့် IDP Camp(၁၄)ခုအပါအဝင် မူဆလင်ကျေးရွာများသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ၏ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ ၊ Camp တာဝန်ခံများမှတစ်ဆင့် အကျိုးခံစားခွင့်ရှိသူများထံသို့ ငွေကြေးထောက်ပံ့ပေးအပ်ခြင်း အားဆောင်ရွက်ခဲ့ပါသည်။
    စစ်တွေမြို့အနေဖြင့် တတိယနှင့် စတုတ္တအကြိမ်ထောက်ပံ့ပေးအပ်မှုအတွက် ကိုယ်ဝန်ဆောင် ဦးရေ(၃၆၅၆)ဦး ၊ ကလေးဦးရေ(၉၅၁၅)ဦး ၊ စုစုပေါင်းအကျိုးခံစားခွင့်ရှိသူဦးရေ (၁၃၁၇၁)ဦးအား ထောက်ပံ့ငွေကျပ်(၁,၁၄၃,၅၇၀,ဝဝဝ/-)အား ထောက်ပံ့ပေးအပ်ခဲ့ပြီးလည်း ဖြစ်ပါသည်။
    ရခိုင်ပြည်နယ်တစ်ခုလုံးအနေဖြင့် ကိုယ်ဝန်ဦးရေ(၃၄၄၆၁)ဦး ၊ ကလေးဦးရေ(၈၈၈၁၅)ဦး ၊ စုစုပေါင်းအကျိုးခံစားခွင့်ရှိသူဦးရေ (၁၂၃၂၇၆)ဦးအတွက် ထောက်ပံ့ငွေကျပ်(၅,၉၂၂,၇၃၅,ဝဝဝ/-) အား ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter