ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

ဒီဇင်ဘာ ၁၁၊ နယူးဇီလန်
နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့သည် ယနေ့တွင် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး The Right Honorable  Winston Peters နှင့် တွေ့ဆုံခဲ့သည်။
 ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် လူနည်းစု တိုင်းရင်းသားများအပါအဝင် နိုင်ငံသားများ၏လူ့အခွင့်အရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ အထူးသဖြင့် မသန်စွမ်းသူများအတွက် ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက် နယူးဇီလန်နိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မည့်အခြေအနေများ၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပြန်လည်နေရာချ ထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေမည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် Renewable Energy ဆိုင်ရာ လေ့ကျင့် သင်ကြားပေးနိုင်ရေး၊ မိုင်းအန္တရာယ်ကာကွယ်ဖြေရှင်းရေး၊ လူမှုသဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေးတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Health and Disability Commission အဖွဲ့နှင့်တွေ့ဆုံ၍ မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် အသိပညာ ပေးခြင်း၊ ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းမှုနှင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ ဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယူးဇီလန်နိုင်ငံရှိ moveaheadအဖွဲ့နှင့် တွေ့ဆုံပြီး ဒေါင်းဆင်ဒရုမ်း၊ အော်တစ်ဇင်အပါအဝင် ဉာဏ်ရည်မသန်စွမ်းကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာသင်ကြားရေးတို့ကို အထောက်အကူပြုစေမည့် Moveahead software ကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter