မြန်မာ-ထိုင်း နှစ်နိုင်ငံ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နယ်စပ်ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ ဖော်ထုတ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဒုတိယအကြိမ် မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများ နယ်စပ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကျင်းပ

၁၁၊ ဒီဇင်ဘာလ၊ ၂၀၁၉

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နယ်စပ်ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာရေးထိုးရေးအတွက် ဒုတိယအကြိမ် မြန်မာ-ထိုင်း အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို ကော့သောင်းမြို့ရှိ Victoria Cliff Hotel and Resort မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။

 အစည်းအဝေးတွင် လူမှုဝန်ထမ်းဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ပြန်လည်ထူထောင်ရေးဉီးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းနိုင်ထွန်းနှင့် ထိုင်းနိုင်ငံ၊ Representative to ASEAN Commission on the Promotion and Protection of the Rights of Women and Children (ACWC) on Children Rights  Mr. Wanchai Roujanavong တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နယ်စပ်ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ(မူကြမ်း)တွင် ပါဝင်သည့်အပိုင်းများအလိုက် ရည်ရွယ်ချက်၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမျိုးစုံမှ ကာကွယ်တားဆီးရန် ပူးပေါင်း ဆောင်ရွက်ခြင်း၊  ကလေးသူငယ်အကာအကွယ်ပေးရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး မူဘောင်၊ ကလေးသူငယ်အကာအကွယ်ပေးရေးဆိုင်ရာ ပူးပေါင်းရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ ဖြစ်သော သတင်းအချက်အလက်များဖြန့်ဝေရန်နှင့် တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်မှုလုပ်ငန်းများ ချိတ်ဆက်မိစေရန်၊ သက်ဆိုင်ရာနိုင်ငံတော်အဆင့် ဒေသအာဏာပိုင်အဖွဲ့များနှင့် လူမှုအဖွဲ့အစည်း များအကြား ကွန်ယက်ချိတ်ဆက်ဆောင်ရွက်ရန် ဆွေးနွေးကြပါသည်။

         ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်များက MoU (မူကြမ်း)ပါ  ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးအတွက် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များဖြစ်သော စာချုပ်ပါ ပြဌာန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ဦးဆောင်မှုပြုခြင်းနှင့် ကြီးကြပ်ရေး တာဝန်များ၊ အကာအကွယ်ပေးရေး ရှေ့ပြေးဆောင်ရွက်မှုများအပါအဝင် လုပ်ငန်းစဉ်များကို ဦးဆောင်စီမံခန့်ခွဲခြင်း၊ အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် လျစ်လျူရှုမှုများမှ ကလေးသူငယ်များကို ကာကွယ်ပေးရန်နှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းရန် မဟာဗျူဟာစီမံကိန်း၊ လမ်းညွှန်မှုများ၊ လုပ်ထုံးလုပ်နည်းများနှင့် လိုအပ်သော မူဘောင်များချမှတ်ခြင်းတို့ကို ဆွေးနွေး ခဲ့ကြပါသည်။

         နှစ်နိုင်ငံကိုယ်စားလှယ်များက MoU (မူကြမ်း)အတည်ပြုပြီးနောက် Standard Operating Procedure (SOP) နှင့် Action Plan ကို ရေးဆွဲသင့်ပါကြောင်း၊ MoU (မူကြမ်း)အား နှစ်နိုင်ငံ ကိုယ်စားလှယ်များက မိမိတို့၏အစိုးရအဖွဲ့များသို့ တင်ပြအတည်ပြုချက်ရယူရေး တင်ပြသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

         အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်(၅၃)ဦးနှင့် ထိုင်းနိုင်ငံဘက်မှ Mr. Wanchai Roujanavong ဦးဆောင်သော ထိုင်းကိုယ်စားလှယ် (၂၆)ဦး၊ စုစုပေါင်း (၇၉)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

FacebookTwitter