ဒုတိယဝန်ကြီးဦးစိုးအောင် ဂျပန်နိုင်ငံ၊ တရားရေးရာဝန်ကြီး Ms. MORI Masako နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၁၂-၁၂-၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ဂျပန်နိုင်ငံ၊ တရားရေးရာဝန်ကြီး Ms. MORI Massako ဦးဆောင်သော အဖွဲ့အား အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာ၌ ဧည့်သည်တော်ဂျပန်ဝန်ကြီးက စတင်ဆွေးနွေးရာတွင် ဂျပန်နိုင်ငံမှ ဝန်ကြီးများအနေဖြင့် ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များတွင် တတ်အားသမျှပါဝင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့အကြား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ် များနှင့် အပြန်အလှန်လေ့လာဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဂျပန်နိုင်ငံတွင် သဘာဝဘေး ခံစားရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ဆောင်မှုများအား မြန်မာနိုင်ငံမှလာရောက်လေ့လာ နိုင်စေရန် စီမံဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကဲ့သို့ ဂျပန်နိုင်ငံတွင်လည်း ရေဘေးနှင့်သဘာဝဘေးဒဏ်များ ကြုံတွေ့ရသည့်အတွက် သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ လျှော့ချရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နည်းပညာ အကူအညီသုံး၍ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံတို့တွင် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၌ အမျိုးသမီးများ ပါဝင်ဆောင်ရွက်ပေးနေသည့် အခန်းကဏ္ဍ များနှင့်ပတ်သက်၍ အတွေ့အကြုံဖလှယ် ဆွေးနွေးခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များ အား ထောက်ပံ့ပေးနေမှုများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ပေးနေမှု များ၊ မူးယစ်ဆေးဖြတ်ပြီးသူများနှင့် လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် JICA အပါအဝင် ဂျပန်နိုင်ငံမှ လူမှုအဖွဲ့အစည်းများက ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter