ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေး အဖွင့်စကား ပြောကြား

ဒီဇင်ဘာလ၊ ၁၃၊ နေပြည်တော်
    မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးအတွက် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအခြေခံသည် လူသားစွမ်းရည် အရင်းအမြစ်ကောင်း များပေါ်တွင် မူတည်ကြောင်း၊ ထို့ကြောင့် ကလေးသူငယ်များဘဝတွင်  အကောင်းဆုံးပြုစုပျိုးထောင် ကာကွယ်စောင့်ရှောက်ပေးရန် အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေး သူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  သက်ဆိုင်ရာ အစိုးရဌာနများ၊  အဖွဲ့အစည်းများ အသီးသီးနှင့် ချိတ်ဆက်၍ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ကလေးသူငယ်များအား လုံခြုံမှုရှိအောင်လည်း ကာကွယ်စောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေပြီး စွမ်းရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ  ပေါ်ထွက်စေမှာဖြစ်ကြောင်း၊ အဆိုပါ အချက်(၂)ချက်ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေနှင့်  ကလေးသူငယ်အခွင့်အရေးမျာ်ဆိုင်ရာ ဥပဒေတို့ကို ချမှတ်ထားပါကြောင်း၊ အခြေအနေအမျိုးမျိုးကြောင့် အလုပ်လုပ်ရသော ကလေးသူငယ်များအတွက်  ကလေးငယ်အခွင့်အရေး များ ဆိုင်ရာဥပဒေ၏ အခန်း(၁၄)တွင် မည်သည့် ကလေးသူငယ်ကိုမဆို အဆိုးဝါးဆုံးပုံစံနှင့် အလုပ်ခိုင်းစေခြင်းမပြုလုပ်ရ၊ အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် ကလေးသူငယ်၏အသက်သည် (၁၄)နှစ် အောက် မငယ်စေရဟူ၍ ဥပဒေဖြင့် ကာကွယ်ပေးထားကြောင်း၊ ထို့အပြင် ကလေးသူငယ်များကို အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းတွင် လက်နက်ကိုင်ပဋိပက္ခများ၌ ကလေးစစ်သားအဖြစ် အသုံးပြုခြင်းလည်း ပါဝင်ကြောင်း၊ ထို့အတွက် အစိုးရ၊ တပ်မတော်နှင့် ကုလသမဂ္ဂအဖွဲ့များ ပူးပေါင်း၍ ကလေးစစ်သားပပျောက်ရေးအတွက် စနစ်တကျ ကြိုးပမ်းပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRC) ကို လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသစ်တွင် ကုလသမဂ္ဂကွန်ဗင်းရှင်း၌ပါဝင်သည့် ဆောင်ရွက်ရန်အချက်များကို ပြည့်စုံအောင် ထည့်သွင်းထားကြောင်း၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးလုပ်ငန်းနှင့်ပတ်သက်၍ အရေးကြီးသည့် ဆက်လက်ဆောင်ရွက်ရမည့် အပိုင်းသည် ပြန်လည်ထူထောင်ရေးဖြစ်ပါကြောင်း၊ အဆိုးဝါးဆုံးပုံစုံဖြင့်ခိုင်စေခြင်း ခံရသော ကလေးသူငယ်များအား ပြန်လည်ထူထောင်ရေးကဏ္ဍဍကို ထိရောက်စွာဆောင်ရွက်ခြင်း ဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ် ကောင်းများ ထွက်ပေါ်စေမှာဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသောကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်က မိမိတို့၏ လုပ်ငန်းကော်မတီသည် မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီက ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီ (၈)ခု အနက် တစ်ခုအပါအဝင်ဖြစ်သောကြောင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည် ဖော်ရေးအတွက် လုပ်ငန်းကော်မတီများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  မိမိတို့ လုပ်ငန်းကော်မတီက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် (၆) ရပ်ကိုလည်း ချမှတ်ပေးထားပြီး ဖြစ်ကြောင်း၊ တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက မိမိတို့၏ဒေသအလိုက် ဆောင်ရွက်ထားမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများနှင့် စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအစီအစဉ် (၆) ရပ် ဆောင်ရွက်မှုအခြေအနေများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အမျိုးသားကော်မတီ ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
    ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းကော်မတီဝင်းများက ဒေသအလိုက် လုပ်ငန်းဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

 

FacebookTwitter