မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) နှင့် Korea Disabled People’s Development Institute တို့အကြား သဘောတူပူးပေါင်းဆောင်ရွက်ခြင်းစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် ကော်ဖီ၊ မုန့်ဖုတ်သင်တန

နေပြည်တော်၊ ၂၀-၁၂-၂၀၁၉
ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နှင့် Korea Disabled People’s Development Institute (KODDI)တို့အကြား သဘောတူပူးပေါင်းဆောင်ရွက်ခြင်းအတွက်  လက်မှတ်ရေးထိုးပွဲ၊ ကော်ဖီနှင့် မုန့်ဖုတ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်ကောင်စီဝင် (၂)၊ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ Korea Disabled People’s Development Institute (KODDI) မှ တာဝန်ရှိသူများ၊ ရွှေမင်းသားဖောင်ဒေးရှင်းနှင့် မသန်စွမ်း အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်သည် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းနှင့်အညီ ဥပဒေနှင့်နည်းဥပဒေတို့ကို ပြဌာန်းခြင်း၊ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နေပြည်တော်ကောင်စီအဆင့်ကော်မတီများဖွဲ့စည်းခြင်း၊ ဆပ်ကော်မတီ(၉)ခု ဖွဲ့စည်းခြင်းတို့ကို မသန်စွမ်းသူများအတွက် ကဏ္ဍအလိုက် မူဝါဒ၊ လုပ်ငန်းအစီအစဉ်များ ချမှတ်နိုင်ရေးအတွက် ရည်မှန်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် မသန်စွမ်းမှုသည် တိုက်ရိုက်အချိုးကျပါကြောင်း၊ မသန်စွမ်းသူများ လူမှုအသိုင်းအဝိုင်းအတွင်း ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး၊ အလုပ်အကိုင်နှင့်ဝင်ငွေရရှိရေးအတွက် ပံ့ပိုးသည့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများသည် မသန်စွမ်းသူများ အလုပ်အကိုင် အမှန်တစ်ကယ်ရရှိစေရန် အထောက် အကူဖြစ်ခြင်း၊ ဈေးကွက်ရှိခြင်းနှင့် လက်တွေ့တွင် ပြန်လည်လုပ်ကိုင်နိုင်သည့် ပညာရပ်များဖြစ်ရန် လိုအပ်ပါကြောင်း၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)အနေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး KODDI၏ပံ့ပိုးမှုနှင့်အတူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ကော်ဖီနှင့် မုန့်ဖုတ်သင်တန်းတို့ကို ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်အတွင်း (၅)ကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အမြဲတမ်းဝန်ထမ်းများအဖြစ် အလုပ်ရရှိသည်အထိ ကူညီပေးနိုင်ခဲ့ သည်ကို သိရှိရပါကြောင်း၊ ယနေ့တွင်လည်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)နှင့် KODDI တို့ သဘောတူလက်မှတ် ရေးထိုးသည့် “Promoting Employment Opportunities of Persons with Disabilities in Coffee and Bakery Industry” စီမံကိန်းသည် နိုင်ငံတော်မှ အကောင်အထည်ဖော်နေသည့် မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အမှီအခိုကင်းစွာ ရပ်တည်နိုင်ရေးကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးရာ‌ ရောက်ပါကြောင်း၊  KODDI အဖွဲ့ကို ထောက်ပံ့ပေးမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ၏ လက်လှမ်းမီရရှိသုံးစွဲနိုင်ရေး၊ သဘာဝဘေးနှင့် ကျန်းမာရေးစသည့် အခြားကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတွင် မသန်စွမ်းသူများပါဝင်ပြီး ထောင်စုနှစ် ရည်မှန်းချက်ပန်းတိုင်များပြည့်မီစေရန် အကောင်အထည် ဖော်ကြရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများသည်လည်း တန်ဖိုးရှိသည့် လူသားအရင်းအမြစ်များ ဖြစ်သည့်အတွက် ၎င်းတို့၏ စွမ်းရည်တို့ကို ဖော်ထုတ်၍ ပူးပေါင်းပါဝင်မှုတို့ကို မြှင့်တင်ခြင်းအားဖြင့် နိုင်ငံတော်သစ် တည်ဆောက်ရေးနှင့် တိုင်းကျိုးပြည်ပြုလုပ်ငန်းတို့တွင် အားကြိုးမာန်တက် ပါဝင်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကျဉ်းနေကြ သည့် လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အနုပညာရှင်များ၊ အားကစားဝါသနာရှင်များနှင့် မီဒီယာများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးမှလည်း ဆတက်ထမ်းပိုးတိုးပြီး ပံ့ပိုးကူညီပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် Korea Disabled People’s Development Institute (KODDI) မှ ဥက္ကဋ္ဌ Ms. Choi Kyung Suk က အမှာစကားပြောကြားပြီး၊  ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးမြတ်သူဝင်းက မသန်စွမ်းသူများ၏ လက်ရှိအလုပ်အကိုင်အခွင့်အလမ်း အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နှင့် Korea Disabled People’s Development Institute (KODDI)တို့အကြား သဘောတူပူးပေါင်းခြင်းစာချုပ်တွင် လက်မှတ် ရေးထိုးကြပါသည်။
ဆက်လက်ပြီး သင်တန်းဆင်းလက်မှတ်တို့ကို ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌက  ပေးအပ်ခဲ့ပြီး ရွှေမင်းသားဖောင်ဒေး ရှင်း (မြန်မာ) ၏ နယကဖြစ်သူ ဗိုလ်မှူးကြီး မျိုးမြင့် (ငြိမ်း) က မုဒိတာစကား ပြောကြားခဲ့ပါသည်။

 

FacebookTwitter