ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၃.၁.၂၀၂၀
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ကော်မတီတွဲဖက် အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကော်မတီဝင် ဝန်ကြီးဌာန များမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီအနေဖြင့် အကြံပြုချက်များအကောင် အထည်ဖော် ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ယူလျက် စဉ်ဆက်မပြတ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေအောင်မြင် ထိရောက်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်ခဲ့ရာ ယခု(၂၁) ကြိမ်မြောက် အစည်းအဝေးအထိ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို ပွင့်လင်းမြင်သာစွာ ပြည်သူသို့ အစီရင်ခံတင်ပြလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၏ အရင်းခံသည် ဖွံ့ဖြိုးမှုနိမ့်ကျခြင်းနှင့် လူ့အဖွဲ့အစည်းများအကြား ကာလရှည်ကြာ စွဲမြဲနေသည့် နာကျည်းမှုများ၊ သံသယစိတ်များ အမြင်လွဲမှားမှုများ ဖြစ်ကြောင်း၊ အဆိုပါ ပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများနှင့် ကော်မတီ အသီးသီးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နေကြသည့်အတွက် တိုးတက်မှုများရရှိခဲ့ပါကြောင်း၊ ပြီးခဲ့သည့် (၂၀)ကြိမ်မြောက် အစည်းဝေးတွင် အကြံပြုချက်များ ထဲက ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများကို ဖော်ထုတ်ပြီး လုပ်ငန်းစီမံချက်များရေးဆွဲခဲ့ကြ ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆိုပါလုပ်ငန်း၏ ကောင်းကျိုးကို ပြည်သူများက ရရှိခံစားနေကြရကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိရင် အောင်မြင်သည်ဟု မဆိုနိုင်ကြောင်း၊ ထို့ကြောင့် ကော်မတီဝင် ဝန်ကြီးဌာနများအနေဖြင့် အကြံပြုချက်ကဏ္ဍအလိုက် စီမံချက်များ ရေးဆွဲဆောင်ရွက်ရာတွင် မြေပြင်တွင် အမှန်တကယ် ပြောင်းလဲတိုးတက်လာရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် ဆောင်ရွက်ပေးကြရန်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လက်တွေ့ဆောင်ရွက်နေကြသော ဝန်ထမ်းများနှင့်ပူးပေါင်း၍ ပိုမိုအားစိုက်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်တိုးတက်မှုနှင့် အခက်အခဲ စိန်ခေါ်မှုများစသည့် မြေပြင်အခြေအနေမှန်များကို အချိန်နှင့် တပြေးညီသိရှိဖြေရှင်း ဆောင်ရွက်နိုင်စေရေးအတွက် ဌာနအလိုက် စောင့်ကြည့်လေ့လာခြင်းနှင့် ပြန်လည်ခြုံငုံသုံးသပ်ခြင်း (Monitoring and Evaluation) အဖွဲ့များ ဖွဲ့စည်းလျက် ဆောင်ရွက် သွားကြရန်နှင့် ကော်မတီသို့ ဆောင်ရွက်မှု အခြေအနေများကို စဉ်ဆက်မပြတ်ပေးပို့ ကြရန်လိုအပ်ပါကြောင်း၊ ပဋိပက္ခများကြောင့် လုပ်ငန်းများဆောင်ရွက်မှုများ နှောင့်နှေးခဲ့ရ သော်လည်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ဖော်ထုတ်ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ လူမှုအသိုင်းအဝိုင်းအကြား ညီညွတ်မှုရှိသည့်နေရာများတွင် Friendly Bazar များ တည်ထောင် ပေးခြင်းကဲ့သို့သော လူမှုအသိုင်းအဝိုင်းအကြားပိုမို သဟဇာတဖြစ်ရေးလုပ်ငန်းများကို ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင် ရသူများကိုလည်း လူဦးရေစာရင်းအလိုက် ထောက်ပံ့ဆောင် ရွက်ပေးနေပါကြောင်း၊ ဆောင်ရွက်ဆဲ အရှိန်အဟုန်ရစပြုနေပြီဖြစ်သည့် မွေးစာရင်းထုတ် ပေးသည့်လုပ်ငန်းနှင့် နိုင်ငံသား စိစစ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေမှုများ ကိုဆက်လက်ဆောင်ရွက် ပေးကြရန် နှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးနေမှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးကြရန်လိုပါကြောင်းနှင့် ဆောင်ရွက်ပေး နိုင်မှုများကို မှတ်တမ်းများ ပြုစုထားရှိရန် ဖြစ်ကြောင်း၊ လူမှုသဟဇာတဖြစ်ရေးအတွက် စီမံချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူလက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများကို ပါဝင်ဆောင်ရွက်လာရေး စည်းရုံးဆောင်ရွက်ကြရန်လိုပါကြောင်း၊ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပြည်တွင်းမှာသာမက ကမ္ဘာကသိရှိနိုင်စေရေး သတင်းများကို တိုတိုနှင့် ထိထိမိမိဖြန့်ဝေ ဆောင်ရွက်နိုင်စေရေးအတွက် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ထိထိရောက်ရောက် သတင်းဖြန့်ဝေနိုင်ရေး နည်းလမ်းများကို ရှာဖွေဖော်ထုတ် ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းများ ယခုထက် ပိုမိုတိုးတက် ဆောင်ရွက်နိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန်တိုက်တွန်း လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက်တွင် ကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကော်မတီ၏ ဆောင်ရွက်မှုတိုးတက်မှုများ ကိုဆွေးနွေးရာတွင် နိုင်ငံသားစိစစ်ရေးနှင့် မွေးစာရင်းထုတ်ပေးရေးအတွက် ရွေ့လျားအဖွဲ့ (Mobile Team)ဖြင့် စေလွှတ်ဆောင်ရွက် အောင်မြင်မှုများ၊ ပညာရေးကဏ္ဍတွင် ပညာသင်ဆုများပေးအပ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် Medium Term Projects များနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ (TWG)တွင် ဆွေးနွေးဆောင်ရွက်ရေး စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက်တွင် ကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် တက်ရောက်လာကြသော ကော်မတီဝင်များက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး၊ တင်ပြချက်များအပေါ်  ကော်မတီဥက္ကဋ္ဌက ညှိနှိုင်းဆွေးနွေးပြီး အစည်းအဝေးကို  ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter