လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ (Core Group)နှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ၈.၁.၂၀၂၀
    လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ (Core Group)နှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
    အစည်းအဝေးတွင် Core Group ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကြေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျုးလွန်မှုများ ကာကွယ်တားဆီးနိုင်ရေး အမျိုးသား အဆင့် လုပ်ငန်းစီမံချက် အဆင့်ဆင့်ညှိနှိုင်းရေးဆွဲထားမှုအား UNCTFMR အား ရှင်းလင်းခဲ့ပါသည်။
    ဆက်လက်၍ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အပေါ် လုပ်ငန်းကော်မတီ (Core Group) အဖွဲ့နှင့် UNCTFMR အဖွဲ့ဝင်များအကြား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
    အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် ဒေါက်တာစုစုသာထွန်း (UNRC, Technical Co-chair of UNCTFMR)နှင့် Ms. Cecile Marchand (UNICEF) ဦးဆောင်သော UNCTFMR ဘက်မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြကြောင်း သိရှိရပါသည်။

 

FacebookTwitter