ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၁၅.၁.၂၀၂၀
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် ကလေးသူငယ်များနှင့်လက်နက်ကိုင်ပဋိပက္ခဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထူးကိုယ်စားလှယ်၏ ၂၀၁၈ ခုနှစ်၊ မေလ က လာရောက်ခဲ့သော ခရီးစဉ်နှင့် ယခုခရီးစဉ်အကြား များစွာသော တိုးတက်မှုများရှိပါကြောင်း၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ဥပဒေ(၂၀၁၉)အား ပြဌာန်းနိုင်ခဲ့သလို လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် ဥပဒေတွင် အခန်း(၁)ခန်း သီးခြားပါရှိပါကြောင်း၊ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့ကလည်း ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်းဗင်းရှင်း (UN-CRC)၏ ပဋိပက္ခအတွင်း ကလေးသူငယ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် နောက်ဆက်တွဲအခြေပြ စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ထို့အပြင် ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီကို (၇.၁.၂၀၁၉) ရက်နေ့က ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် တစ်ရပ်ကို ရေးဆွဲဆောင်ရွက်နေပါကြောင်း၊ တပ်မတော်မှနှုတ်ထွက်ခွင့်ပေးလိုက်သော အရွယ်မရောက်သေးသူများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း၊ မြန်မာနိုင်ငံ၏ လူငယ်မူဝါဒတွင်လည်း အဆိုပါလူငယ်များကို အထူးကာကွယ်စောင့်ရှောက် ကူညီပေးရန်လိုအပ်သည့် အုပ်စုတွင် ထည့်သွင်းထားပါကြောင်း၊ ပဋိပက္ခများအတွင်း အမျိုးသမီးနှင့် မိန်းကလေးငယ်များ အပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ် တုံ့ပြန်နိုင်ရေးအတွက်ကိုလည်း ပူးတွဲကြေငြာချက်အား လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း ကလေးသူငယ်များနှင့် ပတ်သက်သည့် ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများပပျောက်စေရေး၊ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမီစေရေး စသည့်အချက်များကို ထည့်သွင်း၍ ပြည်ထောင်စု၏သဘောတူညီချက် လက်ရှိ(၅၁)ချက်တွင် ပါဝင်ပါကြောင်းနှင့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ထူထောင်၍ ကလေးသူငယ်များ၏ အနာဂတ် ကောင်းမွန်စေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    အထူးကိုယ်စားလှယ်က အဆိုပါတိုးတက်မှုများမှာ အားရစရာကောင်းပါကြောင်း၊ အဆိုပါ တိုးတက်မှုများကို နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လိုပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိ အနေအထားကို နားလည်သဘောပေါက်ရန် ကြိုးပမ်းနေကြပါကြောင်း၊ ကလေးသူငယ်များ အပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး၊ အရွယ်မရောက်သေးသော ကလေးများစစ်မှုထမ်းခြင်းမှ ကာကွယ်ရေးနှင့် နှုတ်ထွက်ခွင့်ပေးလိုက်သော ကလေးသူငယ်များ ပြန်လည်ထူထောင်ရေးတို့မှာ ငွေအား၊ လူအားနှင့် နည်းပညာပိုင်းများစွာ လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့်ပူးပေါင်း၍ လိုအပ်သောအရင်းအမြစ် များကို ရယူနိုင်ပါကြောင်း၊ ကလေးသူငယ်များ ပြန်လည်ထူထောင်ရေး၊ အကူအညီ အထောက်အပံ့များမှာ အချိန်အတိုင်းအတာတစ်ခုအထိသာ ပေးအပ်နိုင်မည်ဖြစ်ရာ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများချမှတ် ဆောင်ရွက် သင့်ပါကြောင်းနှင့် အထူး ကိုယ်စားလှယ်ရုံးမှလည်း ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ကလေးသူငယ်များ အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အလွန်အရေးကြီးသလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ငြိမ်းချမ်းရေးရရှိပြီးနောက် ကလေးသူငယ်များနှင့်ပတ်သက်၍ မည်ကဲ့သို့ ကာကွယ် စောင့်ရှောက်ပေးမည်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ဆောင်ရွက်မည်ကို ကြိုတင်၍ ဆွေးနွေးသဘောတူထားဖို့လိုပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းရေးရရှိပြီးနောက် ကလေး သူငယ်များအနေဖြင့် ကလေးအလုပ်သမားကိစ္စများ၊ လူကုန်ကူးကိစ္စရပ်များ စသည်တို့မှ ရှောင်လွှဲနိုင်မည်ဖြစ်ပါကြောင်း၊ မိုင်းအန္တရာယ် ကင်းရှင်းရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ် များမှာလည်း ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံစိတ်ချရေးတို့ အတွက် အရေးပါ ပါကြောင်းပြောကြားခဲ့ပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုပန်းတိုင်များ ၂၀၃၀ ခုနှစ်တွင် ပြည့်မီစေရေး အတွက် ယခုဆယ်စုနှစ်သည် အင်တိုက်အားတိုက် ဆောင်ရွက်ကြမည်ဖြစ်ပြီး အဓိက ဦးစားပေးနယ်ပယ်များအဖြစ် ကျား/မရေးရာ၊ ရာသီဥတုပြောင်းလဲမှုနှင့် ကလေးသူငယ်ဆိုင်ရာ ကိစ္စရပ်များဖြစ်ရာ မြန်မာနိုင်ငံကဆောင်ရွက်နေမှုများနှင့် များစွာကိုက်ညီပါကြောင်းနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
    ထို့နောက် ရှေ့ဆက်ဆောင်ရွက်မည့်နယ်ပယ်များအလိုက် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter