လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့လူ့ဘဝအစရက်(၁၀၀၀)အတွင်း ပူးပေါင်းဆောင်ရွက်ရန် အသိပညာပေး ဆက်သွယ်ရေးအထောက်ကူပြုနည်းလမ်းများဖော်ထုတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဇန်နဝါရီ ၂၂ ၊ နေပြည်တော်   

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့လူ့ဘဝအစရက်(၁၀၀၀)အတွင်း ပူးပေါင်းဆောင်ရွက်ရန် အသိပညာပေး ဆက်သွယ်ရေး အထောက်ကူပြု နည်းလမ်းများဖော်ထုတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေနှင့် ပြည်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနေပါကြောင်း၊ နိုင်ငံ၏လိုအပ် ချက်များကို ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွက်အရေးကြီးသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် လူ့ဘဝအစ ရက်ပေါင်း(၁၀၀၀)ကာလသည် အရေးကြီးပါ ကြောင်း၊ ဤကာလတွင် ကလေးသူငယ်များကို စနစ်တကျပြုစုပျိုးထောင်မှု အာဟာရပြည့်ဝစွာ ကျွေးမွေးစောင့်ရှောက်မှုတို့ကို ပြည်သူလူထုအား ကျယ်ပြန့်စွာအသိပေးရန် လိုအပ်ပါကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရန် ရက်ပေါင်း (၁၀၀၀)ကာလအတွင်း ရင်းနှီးမြုပ်နှံသည့်လုပ်ငန်းသည် အရည်အသွေးရှိသော လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အလွန်အမင်းအရေးပါ ပါကြောင်း၊ ပြုစုစောင့်ရှောက်သူများအနေဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်ကို သိရှိရန်လိုအပ်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရန် မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာများ ချမှတ်ပြီး ရေရှည်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ အစိုးရ၏လက်ရှိဆောင်ရွက်ချက်များကို ပြည်သူတစ်ဦးချင်းစီ သိရှိရန်လိုအပ်ကြောင်း၊ ထိုသို့သိရှိရန် မည်သို့သောနည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ကို ဆွေးနွေးဖော်ထုတ် သွားရန် လိုအပ်ကြောင်း၊ ကလေးများသည်အနာဂါတ် နိုင်ငံတာဝန်ကိုလက်ဆင့်ကမ်း တာဝန်ယူမည့် သူများဖြစ်သည့်အတွက် ကောင်းမွန်သည့် အမွေများကိုလက်ခံနိုင်ရန် လိုအပ်ပါကြောင်း၊ ကလေးငယ် များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရေးအတွက် ရက်ပေါင်း (၁၀၀၀)အတွင်း အချိန်မီရင်းနှီးမြုပ်နှံ ခြင်းဖြင့် ကလေးများ ကျောင်းနေအရွယ်သို့ရောက်ရှိချိန်တွင် ပြုပြင်ပြောင်းလဲနေသည့် နိုင်ငံတော်၏ ပညာရေးစနစ်နှင့် ချိတ်ဆက်မိပြီး သင်ကြားသင်ယူမှုအကောင်းဆုံး အခြေအနေကို ရရှိနိုင်ရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ လူ့ဘဝအစရက်(၁၀၀၀)အတွင်း ကောင်းစွာပြုစု စောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ခဲ့ပါက ဉာဏ်ရည်ထက်မြက်ပြီး လူမှုပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာဖြင့် စွမ်းဆောင်ရည် မြင့်မားသောပြည်သူများဖြစ်လာစေရန် အထောက်အကူပြု မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် မိဘများ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင် တို့က ပူးပေါင်းလိုက်ပါ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ် အခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံ ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့ရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲက “ကလေးဘဝရှေ့ဆောင် ရက်(၁၀၀၀)’’ ဟူသော ဆောင်ပုဒ်ကို အတည်ပြုခဲ့ပြီး ရေဒီယိုဇာတ်လမ်းအသံလွှင့်ခြင်း၊ ဗီဒီယိုဇာတ်လမ်းတို ရိုက်ကူးထုတ်လွှင့်ခြင်း၊ ကြော်ငြာပါသော အရံသင့်ကပ်ရန် စာရွက်ဖြန့်ဖြူးခြင်းနှင့် ပိုစတာဒီဇိုင်းများ ထုတ်လုပ်ခြင်းတို့ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် မီဒီယာကဏ္ဍမှ ပညာရှင်များ၊ ကာတွန်းနှင့်ဒီဇိုင်းပညာရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

FacebookTwitter