မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းနှင့် လူငယ်သင်တန်းကျောင်းရှိ ကလေးလူငယ်များ တွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

မန္တလေး၊ ၂၆.၁.၂၀၂၀
    မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော နားမကြားသော ကလေးများကျောင်းသို့ ဂျပန်နိုင်ငံ၊ Kyoshin Company က အမေရိကန်ဒေါ်လာ (၁၀၀၀၀) လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ အဆိုပါကျောင်း၌ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံ၊ Kyoshin Company အနေဖြင့် မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းသို့ နှစ်စဉ်လာရောက်မှုသည် (၂၂)ကြိမ်မြောက် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု ပြရုပ်တစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများကို ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အားလုံးအကျုံးဝင် ပါဝင်နိုင်အောင် ကြိုးပမ်းလျက်ရှိကြောင်း၊ မသန်စွမ်းသူများသည် မသန်သော်လည်း စွမ်းနိုင်မှုကို ပြသနိုင်ရန် ကူညီပံ့ပိုးထောက်ပံ့မှုများ လိုအပ်ပါကြောင်း၊ ၎င်းတို့၏ လိုအပ်ချက်များကို ပံ့ပိုးကူညီခြင်းဖြင့် နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါကြောင်း၊ မသန်စွမ်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့် သင်ကြားပေးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းသည် အရေးကြီးသော ကဏ္ဍဖြစ်ကြောင်း၊ ယနေ့လှူဒါန်းငွေဖြင့် မသန်စွမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန် လက်သင်္ကတပြ ဘာသာရပ်ဆိုင်ရာ ပညာရပ်များအထောက်အကူပြုခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့်သင့်ကြားရေးအတွက် အဆင့်မြင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခြင်း နှင့် လွယ်ကူစွာ နေထိုင်လှုပ်ရှားသွားလာနိုင်ရန် ပံ့ပိုးမှုပြုခြင်း စသည်တို့တွင် အသုံးပြုမည် ဖြစ်သဖြင့် အစိုးရ၏ ဆောင်ရွက်မှုများတွင် များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဖော်ဆောင်ရန် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မသန်စွမ်းကော်မတီများကိုဖွဲ့စည်း၍ မသန်စွမ်းသူများနှင့် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ မသန်စွမ်းမှုများကို လျှော့ချနိုင်ရန်နှင့် ကာကွယ်နိုင်မည့် နည်းလမ်းဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ် တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံကိန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် ရှေ့ပြေး စတင်ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ဆက်လက်တိုးချဲ့နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ကလေးများ၏ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုကို မိဘများ၊ မိသားစုဝင်များက စောင့်ကြည့်အကဲဖြတ်၍ လိုအပ်သောအချိန်တွင် ကျွမ်းကျင်သူများ၏ အကူအညီကို ရယူကာ ဆောင်ရွက်ခြင်းဖြင့် မသန်စွမ်းမှုကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ထိုအသိပညာပေးမှုများကို နည်းမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြည်သူများ သိရှိနိုင်ရန် စတင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် အစိုးရ၏ ပြည်သူ့အကျိုးပြု ဆောင်ရွက်ချက်များတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက် ပေးနိုင်ရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
     ထို့နောက် ဂျပန်နိုင်ငံ၊ Kyoshin Company ၏ Chairman, Mr. Sadaaki Tachiki က နားမကြားသော ကလေးများသင်တန်းကျောင်းသို့ သက်မွေးဝမ်းကျောင်းသင်တန်းအတွက် အကြီးစား ဇာထိုးပန်းထိုးစက်၊ အပ်ချုပ်စက်၊ ကွန်ပြူတာသုံးဇာထိုးပန်းထိုးစက်၊ ဒီဇိုင်းဆော့ဝဲလ်နှင့် သင်တန်းကျောင်း သင်ထောက်ကူပစ္စည်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ယခုလို နှစ်စဉ်နှစ်တိုင်း လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
     ယင်းနောက် Kyoshin Company ၏ Chairman, Mr. Sadaaki Tachiki က လှူဒါန်းငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးကလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
     ထို့နောက် နားမကြားသော ကလေးများကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် တင်ဆက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုငွေချီးမြှင့်ခဲ့ပြီး တက်ရောက် လာကြသူများနှင့် အတူမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
     အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ မန္တလေးမြို့တော်ဝန်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြပါသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသက်မွေးဝမ်းကျောင်းသင်တန်းဆောင်ရှိ စက်ချုပ်ခန်း၊ ဇာထိုးပန်းထိုးခန်းနှင့် မော်တာစနစ်ပန်းထိုးခန်းများတွင် လက်တွေ့ဆောင်ရွက် နေမှုများ၊ နားမကြားသူများ အရင်းအမြစ်ဌာနတွင် လက်သင်္ကေတပြဘာသာစကား သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
     မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး လူငယ်သင်တန်း ကျောင်းအုပ်က သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများ၏ နေ့စဉ်ဆောင်ရွက်မှု အချိန်ဇယားတွင် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ နှစ်သိမ့်ဆွေးနွေးမှုများနှင့် စာပေလေ့လာရေး ကိစ္စများကို ပိုမို ထည့်သွင်းဆောင်ရွက်နိုင်ရေး၊ မူးယစ်အန္တရာယ်နှင့် မူးယစ်ဆေးဝါးထပ်မံသုံးစွဲမှု မပြုရေးတို့အတွက် ဖြေရှင်းဆောင်ရွက်ရေးနည်းလမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး သင်တန်းကျောင်းရှိလူငယ်များ အားတွေ့ဆုံရာတွင် ကလေးလူငယ်များအနေဖြင့် မိမိဘဝ ပြောင်းလဲတိုးတက်နိုင်ရန် သင်တန်းကျောင်းတွင် နေထိုင်ရစဉ်ကာလကို အကျိုးရှိစွာ ကုန်ဆုံးစေလိုကြောင်း၊ လူငယ်များ ကိုယ်တိုင် မိမိတို့၏ စိတ်များကို ပြုပြင်နိုင်ရေး ကြိုးစားအားထုတ်နိုင်ရန် အရေးကြီးကြောင်း၊ အစိုးရ အနေဖြင့်လည်း အဖက်ဖက်က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့ကြပါသည်။
     မန္တလေးမြို့၊ မန္တလေးလူငယ်သင်တန်းကျောင်းသည် လူဦးရေ (၂၀၀)ဆံ့ကျောင်းဖြစ်ရာ တရားရုံများတွင် တရားရင်ဆိုင်ဆဲကလေးသူငယ်များ၊ တရားရုံးများမှ အကျင့်စာရိတ္တပြုပြင်ရန် ပေးပို့လာသည့် ကလေးသူငယ်များနှင့် မြို့တော်စည်ပင်နှင့် အဖွဲ့အစည်းများက ပေးပို့လာသော ကလေးသူငယ်များကို ပြုပြင်ကာ ပြုစုပျိုးထောင်ကာကွယ် စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်မှစ၍ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေ ထွက်ရှိပြီးနောက် ကလေးသူငယ်များ၏ အသက်ကို (၁၈)နှစ်အောက်အဖြစ် သတ်မှတ်ခဲ့ရာ လက်ခံစောင့်ရှောက်ပေးရမည့်ဦးရေ ( ၅၂၃) ဦး အထိ ရှိလာပါကြောင်း၊ သင်တန်းသို့ရောက်ရှိလာသော ကလေးသူငယ်များအား အသက်မွေး ဝမ်းကြောင်း ပညာသင်ကြားပေးခြင်း၊ အားကစားလေ့ကျင့်သင်ကြားပေးခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့် သင်ကြားပေးခြင်း၊ လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် သင်တန်းသားများအား ကျောင်းပညာ ဆက်လက်သင်ကြားနိုင်ရေး အတွက်ဆောင်ရွက်ပေးထားကြောင်းသိရှိရပါသည်။
     ဆက်လက်ပြီး ဒုတိယဝန်ကြီးဦးစိုးအောင်သည် မန္တလေးမြို့ရှိ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်းသို့ ဆက်လက်သွားရောက်ပြီး စခန်း၌ မူးယစ်ဆေး ဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေး စခန်းခြေပြုသင်တန်းဖွင့်လှစ်၍ သင်တန်းသား (၂၀)ဦး အား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ် ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter