လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ၆.၂.၂၀၂၀
    လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
    အဆိုပါအစည်းအဝေး၌ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းသည် ပြည်သူများ အတွက် မလွဲမသွေ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အစိုးအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကို အမျိုးသားကော်မတီဖွဲ့စည်းကာ ဒုတိယသမ္မတ(၁) ကဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းကို တာဝန်ယူရသည့် ဝန်ကြီးဌာနများအပြင် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အားလုံးက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ မဟာဗျူဟာများနှင့်လည်း ကိုက်ညီရမည်ဖြစ်ကြောင်း၊  လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအတွက် မဟာဗျူဟာချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးသည် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရသောကြောင့် ငွေကြေးထောက်ပံ့မှုများ၊ နည်းပညာများဖြင့် ပံ့ပိုးကူညီမှုများ ပါဝင်ပါကြောင်း၊ ပြည်သူများတိုက်ရိုက်အကျိုးရှိသည့် လုပ်ငန်းဖြစ်သောကြောင့် အရှိန်အဟုန်မြှင့်တိုးချဲ့သင့်ကြောင်းနှင့် ဘဏ္ဍာငွေလိုအပ်ချက်ကို သီးခြားအစီအစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်သင့်ကြောင်းကို အမျိုးသားကော်မတီ အစည်းအဝေးတွင် လမ်းညွှန်မှုရှိပါကြောင်း၊ ငွေကြေးထောက်ပံ့မှုအစီအစဉ်များသည် လူမှလူသို့ ထောက်ပံ့သည့် စနစ်ကိုကျင့်သုံးခြင်းကြောင့် လိုအပ်ချက်များစွာရှိပါကြောင်း၊ ထို့အတွက် လုပ်ငန်းစီမံကိန်းတစ်လျောက်လုံး စောင့်ကြည့်ဆန်းစစ်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ပိုမိုကောင်းမွန်သော အခြေအနေကို ဖန်တီးပေးရန်  အီလက်ထရောနစ်နည်းစနစ်ဖြင့် ငွေကြေးလွှဲပြောင်းခြင်းစနစ်ကို ဆောင်ရွက်နိုင်ရန် အမျိုးသားကော်မတီက ဆုံးဖြတ်ခဲ့ပါကြောင်း၊ အဆိုပါစနစ်ပြောင်းလဲကျင့်သုံးပါက စာရင်းစစ်ဆေးခံယူရာ၌ ဒီဂျစ်တယ်နည်းဖြင့် စစ်ဆေးခံနိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအတွက် နှစ်စဉ်ဘဏ္ဍာငွေတိုးချဲ့ တောင်းခံရာ၌ သီးခြားအစီအစဉ်အနေဖြင့် ဆောင်ရွက်ရန်တို့ကို ယနေ့ ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း၏ စီမံချက်တစ်ခုချင်းစီအတွက် ကာလလတ် ကုန်ကျစရိတ်တွက်ချက်ထားမှုများရှိပြီးဖြစ်ရာ ရန်ပုံငွေရရှိရေးအတွက် ရေရှည်ရန်ပုံငွေရရှိရေး မဟာဗျူဟာ တစ်ရပ်ကို ရေးဆွဲဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မဟာဗျူဟာကို အကောင်အထည် ဖော်ရမည့်သူများသည် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ရမည်ဖြစ်သောကြောင့်  ရပ်ရွာအခြေပြု စေတနာ လူမှုဝန်ထမ်းကြသူ (Voluntary Community Social Workers) များ ထွက်ပေါ်လာရေးအတွက်လည်း ရေရှည်မဟာဗျူဟာ တစ်ရပ်လိုအပ်လာပါကြောင်း၊  လုပ်ငန်းများအကောင်အထည်ဖော်ရာ၌ ပေါင်းစပ်ညှိနှိုင်း မှုများ ဆောင်ရွက်မှုများအတွက်လမ်းညွှန်ချက်များ၊ လုပ်ငန်းအစီအစဉ်များရေးဆွဲပြီး တိတိကျကျဆောင်ရွက် ရန်လည်း လိုပါကြောင်းနှင့် ယနေ့အစည်းအဝေးတွင် အဆိုပါကိစ္စများကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်၏ အဓိကလုပ်ငန်း(၈)ရပ်ကို ရှင်းလင်းတင်ပြပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ်ကို ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်မှစ၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် ကိစ္စများ၊ လူမှုရေးပင်စင်ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား   ( ၁၉၇,၈၅၄)ဦးကို ထောက်ပံ့ပေးနိုင်မည့် ကိစ္စများ၊ လူမှုအားမာန်အဖွဲ့ (၁၅၀)ကို ရန်ပုံငွေ ထောက်ပံ့ပေးနိုင်မည့် ကိစ္စများ၊ သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေ (မူကြမ်း)ကို အတည်ပြုနိုင်ရေး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြထားကိစ္စများ၊ အမျိုးသားအဆင့်လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်၏ အဓိကလုပ်ငန်း(၈)ရပ်ကို အခြေခံ၍ ကာလလတ် ကုန်ကျစရိတ်တွက်ချက်ထားသော လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍစီမံကိန်း ( ၂၀၁၈ − ၂၀၂၃) ကို ရှင်းလင်းတင်ပြခဲ့ပါသည်။
    ထို့နောက် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)  အကောင်အထည်ဖော်မှုဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ၏ ထုတ်နှုတ်ချက် ဗီဒီယိုကိုပြသခဲ့ပါသည်။
    ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူက အီလက် ထရောနစ် နည်းစနစ်ဖြင့် ငွေကြေးလွှဲပြောင်းသည့်အစီအစဉ် (Electronic Cash Transfer) စတင်နိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက် (MIS) တည်ဆောင်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီအဖွဲ့ဝင်များက အမျိုးသားကော်မတီ၏ ဆုံဖြတ်ချက်ဖြစ်သည့် အီလက်ထရောနစ် နည်းစနစ်ဖြင့် ငွေကြေးလွှဲပြောင်းသည့်အစီအစဉ်တွင် စာရင်းစစ်ဆေးခံယူရာ၌ ဒီဂျစ်တယ်နည်းဖြင့် စစ်ဆေးခံနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် မိမိတို့ဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အီလက်ထရောနစ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သည့် ဆက်စပ်ဝန်ကြီးဌာနများနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်မည့် အခြေအနေများ၊ နှစ်စဉ်တိုးချဲ့သွားမည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေတင်ပြ တောင်းခံမှုတွင် သီးခြားအစီအစဉ်တစ်ရပ်အနေဖြင့် ဦးစားပေး ဆောင်ရွက်ရန် ကိစ္စနှင့်စပ်လျဉ်း၍ ရေရှည်ရန်ပုံငွေရရှိရေး မဟာဗျူဟာ ( Long-term Financing Strategy) တစ်ရပ်ကို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန တို့က ပူးပေါင်းရေးဆွဲ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူကာ ဆက်လက်ဆောင်ရွက်နိုင်ရေး ကိစ္စများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter