ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ အား လက်ခံတွေ့ဆုံ

 နေပြည်တော်၊ ဖေဖော်ဝါရီလ ၇
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားသော Japan Heart အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Fureasu ကုမ္ပဏီ၏ CEO ဖြစ်သူ Mr.Taku Sawanobori ဦးဆောင်သောအဖွဲ့၊ UNICEF အဖွဲ့အစည်းနှင့် Economic Policy and Research Institute (EPRI)မှ Research Director ဖြစ်သူ Mr. Michael Samson ဦးဆောင်သောအဖွဲ့နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် European Civil Protection and Humanitarian Aid Operations (ECHO) ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Michael Koehler ဦးဆောင်သောအဖွဲ့တို့အား ယနေ့ နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတို့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။
    ရှေးဦးစွာ Fureasu ကုမ္ပဏီ၏ CEO ဖြစ်သူနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ မသန်စွမ်း သူများ၊ အဓိကအားဖြင့် မျက်မမြင်များနှင့် အမြင်အာရုံချို့တဲ့သူများအား မျက်မမြင်ဆေးပညာ၊ အကြောပြင်ပညာရပ်များ သင်ကြားပို့ချပေးရေးကိစ္စရပ်များ၊ မျက်မမြင်ကျောင်းများတွင် အကြောပြင်ပညာရပ် သင်တန်းများဖွင့်လှစ်၍ တစ်သက်တာဘဝ အာမခံချက်ရရှိစေနိုင်မည့် Certificate ထုတ်ပေးနိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အဖွဲ့အစည်း၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စသည့်ဆက်စပ်ဝန်ကြီးဌာနများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နိုင်ငံတကာအဆင့်မီ Certificate ထုတ်ပေးနိုင်စေရန် Exam Test Board များ၊ သင်ရိုးညွှန်းတမ်းများ ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
    ဆက်လက်၍ UNICEF အဖွဲ့အစည်းနှင့် Economic Policy and Research Institute (EPRI) အဖွဲ့မှ Research Director ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် ပြည်သူများအားလုံး အတွက် အကျိုးဖြစ်ထွန်းစေမည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် တစ်ရပ်ပေါ်ပေါက်လာ စေရန်အတွက် လိုအပ်သည့်ဥပဒေများ၊ မူဝါဒများပေါ်ထွက်လာရေး၊ လက်ရှိဆောင်ရွက်နေသည့် လူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများအား ကျန်ရှိနေသေးသည့် ပြည်နယ်/တိုင်း ဒေသကြီးများသို့ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရေရှည်ရင်းနှီးမြှပ်နှံမှုတစ်ရပ်အဖြစ် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အသုံးစရိတ်များနှင့်ပတ်သက်သည့် ဘဏ္ဍဍာရေးဆိုင်ရာ မဟာဗျူဟာ တစ်ရပ်ရေး ဆွဲဆောင်ရွက်နိုင်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာစနစ် တည်ဆောက် ရာတွင် အရေးပါသည့်သတင်းအချက် အလက်စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းအကျိုးဖြစ်ထွန်းမှုနှင့်စပ်လျဉ်း၍ ရေတိုရေရှည် စောင့်ကြပ်ကြည့်ရှုရေးစသည့် ကိစ္စရပ်များအပေါ် UNICEF အဖွဲ့အစည်းနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် European Civil Protection and Humanitarian Aid Operations (ECHO) ရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို အတည်ပြု ပြဌာန်းခဲ့ပြီးနောက် ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း၍ ပြန်လည်နေရာချထားရေးဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြန်လည်နေရာချထားရေးဆောင်ရွက်ရာတွင် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးကဲ့သို့ လူမှုရေးဆိုင်ရာဝန်ဆောင်မှုများ ရရှိနိုင်စေရန် အာဆီယံနိုင်ငံများအပါအဝင် မိတ်ဖက်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံတော်မှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များ၊ မိမိတို့အကြား  ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။    

 

FacebookTwitter