မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဖေဖော်ဝါရီ  ၁၀ ၊  နေပြည်တော်

            မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ က်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ကြ ပါသည်။

            အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်စကားပြောကြားရာ၌ ၂၀၁၆ခုနှစ် အစိုးရစတင် တာဝန်ယူစဉ်ကပင် မိမိတို့ ဝန်ကြီးဌာန၏ ဦးစားပေးစီမံချက်များ၌ လူငယ်ရေးရာမူဝါဒကို ထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုယ်စားလှယ်လူငယ်များကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့ပြီး ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ၊ ၈ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့က အတည်ပြုပြဋ္ဌာန်းပေးခဲ့ကြောင်း၊ အဆိုပါမူဝါဒကို အကောင်အထည်ဖော်နိုင်ရန် လူငယ်ရေးရာ မဟာဗျူဟာ ရေးဆွဲခြင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးအလိုက် ဦးစားပေးလုပ်ငန်းစဉ်များ ရေးဆွဲခြင်းများကို  ဆက်လက်ပြီး ဆောင်ရွက်ခဲ့ကြပါကြောင်း၊ လူငယ်ရေးရာမူဝါဒနှင့် ပတ်သက်၍ အကောင်အထည်ဖော်နေစဉ်ကာလအတွင်း ဖြည့်စွက်စရာများရှိနေပါက အကြံဉာဏ်ပြု ဆွေးနွေးဆောင်ရွက ကြရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာမဟာဗျူဟာ(မူကြမ်း)ကို ရေးဆွဲပြီးဖြစ်ရာ အတည်ပြုနိုင်တော့မည် ဖြစ်ကြောင်း၊  မူဝါဒအပေါ် အခြေခံပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ရွေးချယ်ထားသော ဦးစားပေးကဏ္ဍများအလိုက် လုပ်ငန်းစဉ်များ ရေးဆွဲလျက် ရှိကြပါကြောင်း၊ မူဝါဒနှင့် မဟာဗျူဟာတွင် ထည့်သွင်းထားသော ကဏ္ဍ(၁၆)ရပ်သည် လူငယ်များနှင့် ပတ်သက်သည့်ကဏ္ဍအားလုံးကို ခြုံငုံမိသည်ဟု ယူဆပါကြောင်း၊ လူငယ်များအနေဖြင့် ဒေသအလိုက် ဦးစားပေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရာ၌  လူငယ်စင်တာ လိုအပ်မှုကိုလည်း အတက်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ လုပ်ငန်းစဉ်များ ကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် လူငယ်များ၊ အစိုးရဌာန ဆိုင်ရာများ၊ ပံ့ပိုးကူညီမည့်သူများနှင့် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင် စည်းလုံးညီညွှတ်မှုနှင့် ဘုံသဘောတူညီမှုများရရှိမှသာ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် တစ်နိုင်ငံလုံး၏ဘုံရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်လျက်ရှိရာ မည်သည့်လုပ်ငန်းတွင်မဆို သာတူညီမျှ၊ ခွင့်တူညီမျှဖြစ်ရေး အတွက် ဆောင်ရွက်ပါကြောင်း၊ လူငယ်များအနေဖြင့်လည်း ပြည်ထောင်စုစိတ်ဓါတ်အရင်းခံပြီး စည်းလုံးညီညွတ်မှုဖြင့် သာတူညီမျှ၊ ခွင့်တူညီမျှဖြစ်ရေး ရည်ရွယ်ချက်ထားရှိ ဆောင်ရွက်ပါက မိမိတို့၏ လူငယ်များအားလုံးအတွက် ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်မည့် လူငယ်မူဝါဒသည်  အကောင်အထည်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်ရန် လူငယ်ထု၏ အင်အားသည် အရေးကြီးပါကြောင်း၊ ယနေ့အစည်းအဝေးတွင် မဟာဗျူဟာ အတည်ပြုနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြစေ လိုကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သည် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူငယ်များကြားထဲသို့ ထိုးဖောက်ဝင်ရောက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် လူငယ်နှင့်မူးယစ်ဆေးဝါး ကဏ္ဍကို ဦးစားပေးစီမံချက် တစ်ခုအနေဖြင့် ဆောင်ရွက်ရန်ရှိပါကြောင်း၊ လူငယ်များအတွက် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် လူငယ်ရေးရာကော်မတီဝင်များအနေဖြင့်လည်း ပူးပေါင်းပါဝင် ပေးကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ()၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လူငယ်ရေးရာမူဝါဒပေါက်ပေါက်ပြီးဖြစ်သည့်အတွက် မူဝါဒအပေါ် အခြေခံပြီး လုပ်ငန်းစဉ်များ ရေးဆွဲကြရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် လိုအပ်ချက်များမတူညီကြသည့်အတွက် ဒေသ အလိုက်အချက်အလက် အထောက်အထားများအပေါ် အခြေခံပြီး စီမံချက်များရေးဆွဲလျက်ရှိသည်ဟု ယုံကြည်ပါကြောင်း၊ အချက်အလက်အထောက်အထားများအပေါ် အခြေခံပြီး စနစ်တကျဆောင်ရွက်သည့် အတွက် မတူကွဲပြားသည့် ဒေသများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဆက်လက်ထိန်းသိမ်းရန်နှင့် ရေရှည်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ လူငယ်မူဝါဒတွင် ပညာရေးကဏ္ဍနှင့် ပတ်သက်၍ (၁၅)ချက်ပါဝင်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ဖော်ပြထားသည့် လုပ်ငန်းများနှင့်လည်း များစွာလိုက်လျောညီထွေရှိပါကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ မည့်သည့်ခွဲခြားမှုမျှမရှိခြင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်မထားခြင်း၊ ကျောင်းထွက်မှုနှုန်း လျော့နည်းခြင်း စသည်ဖြင့် အားလုံးပါဝင်နိုင်သည့် အရည်အသွေးရှိသော ပညာရေး ဖြစ်အောင် ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၂၁ရာစုတွင် အလုပ်အကိုင် ကောင်းကောင်းရရန် ပူးပေါင်းဆောင်ရွက်တက်မှု၊ ဆန်းသစ်တီထွင်နိုင်မှု၊ တာဝန်ခံယူမှုနှင့်တာဝန်ခံမှုများရှိပြီး အကောင်းဆုံးဆောင်ရွက်ခြင်းဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ပါကြောင်း၊  လူငယ်မူဝါဒထဲတွင် ဖော်ပြထားသည့် နည်းပညာနှင့် သက်မွေးဝမ်းကျောင်းပညာရေးသည် အလွန်အရေးကြီး ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ မူလတန်းကျောင်း လုံးဝမထွက်ရေးသည် အလွန်ရေးကြီးပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးအသိစိတ်ဓါတ်ဖြင့် ကာကွယ်နိုင်မှသာ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် မြှင့်တင်နိုင်မှာ ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးကို အထက်တန်းကျောင်းများ၊ တက္ကသိုလ်ကျောင်းများ၊ လူငယ်များနှင့် ပူးပေါင်းပြီး အမျိုးသားအဆင့် လှုံ့ဆော်ခြင်း ( National Campaign) ဆောင်ရွက်ရန် ရှိပါကြောင်း၊ လူငယ်များ၏ အနာဂါတ်ကို လူငယ်များကိုယ်တိုင် ဖန်တီးနိုင်ရန် လူငယ်ရေးရာမူဝါဒ ပေါ်ပေါက်နေပြီဖြစ်သည့်အတွက် အားလုံးက စည်းလုံးညီညွတ်မှုဖြင့် ပါဝင်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ လူငယ်ရေးရာကော်မတီ ဝင်များက လူငယ်ရေးရာမူဝါဒကို ဌာနဆိုင်ရာများသာမက လူငယ်များကိုယ်တိုင်က ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် အသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ လူငယ်ရေးရာမူဝါဒ အခြေခိုင်မာစေရေး၊ လူငယ်ရေးရာ စင်တာများ အမြန်ဆုံးတည်ထောင်နိုင်ရေး၊ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ရန်ပုံငွေရရှိရေးတို့အတွက် အသီးသီးဆွေးနွေးခဲ့ကြပါသည်။

            ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌက မူဝါဒ၏ ဥယျောဇဉ်တွင် လူငယ်များအားလုံး လူငယ်မူဝါဒကိုသိရှိပြီး အကောင်အထည်ဖော်ကြရာတွင် မိမိတို့၏ ဆန်းသစ်သော အတွေး အမြင်သစ်များကို ဖော်ထုတ်၍ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းထားပါကြောင်း၊ ထို့ကြောင့် စည်းလုံးညီညွတ်မှုဖြင့် ပူးပေါင်းခြင်း၊ မူဝါဒကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒကို လူငယ်များကိုယ်တိုင်နှင့် အစိုးရကပါ အကောင်အထည်ဖော် လိုစိတ်ရှိကြသည်ဖြစ်ရာ အခြေခိုင်မာမှုရှိ စေရေးအတွက် ယခုလိုညှိနှိုင်းဆွေးနွေးမှုးများ ဆက်လက်ပြုလုပ်ကြရဦးမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အခြေခံ လိုအပ်ချက်များ များစွာရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ မဟာဗျူဟာများ၊ စီမံချက်များကို ရေးဆွဲထားမှသာ ဝန်ကြီးဌာနအသီးသီး၏ ဘဏ္ဍာငွေလျာထားမှုများတွင် ပါဝင်လာနိုင်မည် ဖြစ်ပါကြောင်းနှင့် လူငယ်များအနေဖြင့် ရရှိပြီးသော အခြေအနေကောင်းများကို ပျောက်ပျက်မသွားစေဘဲ စိတ်ရှည်သည်းခံ၍ ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါသည်။

            မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနများက တာဝန်ရှိသူများက လူငယ်ရေးရာမဟာဗျူဟာ အတည်ပြုနိုင်ရေးနှင့် ဖြည့်စွက်လိုသည့် ကိစ္စများနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

FacebookTwitter