အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၁၇.၂.၂၀၂၀
    အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ Horizon Lake View Hotel ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်၊ ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ကြပါသည်။
    အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်၊ ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ယနေ့ ဂလိုဘယ်လိုက်ဇေးရှင်း ထွန်းကားလာသည့် ကာလကြီးတွင် တစ်နိုင်ငံတည်း သီးသန့်နေထိုင်ဖို့ ပိုမိုခက်ခဲ လာသလို လုံခြုံမှုနှင့်လည်း ပိုမိုဝေးကွာလာစေပါကြောင်း၊ မိမိတို့နိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊  လူ့အခွင့်အရေးနှင့်ဆက်စပ်သည့်  အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ( Convention on the Elimination of the all Forms of Discrimination Against Women – CEDAW) ကို လက်မှတ်ရေးထိုး ခဲ့ပါကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေးဓလေ့ထုံးတမ်းများသည် ယောကျ်ား၊ မိန်းမ မခွဲခြားဘဲ တန်းတူရည်တူ ရှိသည်ကို စာပေများတွင် ဆုံးမထားသည်ကို တွေ့ရှိရပါကြောင်း၊ အိမ်တွင်း အကြမ်းဖက်မှုဖြစ်စဉ်များကို လူ့အခွင့်အရေး ချိုးဖောက်မှု၊  အကြမ်းဖက်မှုဟု ရှုမြင်နိုင်မှု အားနည်းနေခြင်း၊ အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုမှ တားဆီးကာကွယ်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားခြင်း မရှိသေးခြင်း များကြောင့်  အကြမ်းဖက်ခံအမျိုးသမီးအများစုသည် အကြမ်းဖက်မှုမှ အကာအကွယ်ရယူနိုင်ခွင့် ကင်းမဲ့ နေပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ငါးဆယ်ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများဖြစ်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်နိုင်ပါက နိုင်ငံသားအများစုကို အကြမ်းဖက်မှုမှ တားဆီးကာကွယ် နိုင်ရာ ရောက်ပါကြောင်း၊ CEDAW ကော်မတီအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအဆင့် အစီရင်ခံစာများ တင်သွင်းလျက်ရှိရာ  CEDAW ကော်မတီမှ အစီရင်ခံစာအပေါ် အကြံပြုသုံးသပ်ချက် (၅၆)ချက် ပြန်လည် ပေးပို့ခဲ့ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်သည့် ဥပဒေပြဋ္ဌာန်းရန်နှင့် ခွဲခြားဆက်ဆံမှုများ ဖြစ်စေသည့် ဥပဒေများနှင့် ပြဋ္ဌာန်းချက်များကို အမြန်ဆုံး ပြန်လည်သုံးသပ်ရန်ဆိုသည့် အချက်များ ပါဝင်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အနေဖြင့်  အဆိုပါ အကြံပြုချက်နှင့်အညီ ရေးဆွဲထားသည့် ယခုဥပဒေသည် အခြားဥပဒေများနှင့် မတူညီဘဲ လူမှုရေးဥပဒေဖြစ်နေခြင်းနှင့် ဥပဒေတစ်ရပ်သည် ပြဋ္ဌာန်းပြီးရုံမျှနှင့် လုံလောက်ခြင်းမရှိဘဲ ပြည်သူများ လိုက်နာကျင့်သုံးမှသာ ဥပဒေသဘော သက်ဝင်မည်ဖြစ်ပါကြောင်း၊  ဥပဒေအသစ်တစ်ခုကို လွှတ်တော် ကိုယ်စားလှယ်များအား ဖိတ်ခေါ်၍ ရှင်းလင်းမိတ်ဆက်ခြင်းသည် လွှတ်တော်တွင်း ဆောင်ရွက်ရန်ရှိသည့် ကိစ္စများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဝီရိယထား၍ ကြိုတင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် မိမိတို့သိလိုသည်များ၊ ရှင်းလင်းမှုမရှိသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေး အကြံပြုပူးပေါင်း ကူညီပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း)ကို ရေးဆွဲရာတွင် အဓိကဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက် ခဲ့ပါကြောင်း၊ ဆောင်ရွက်မှုများကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် တာဝန်ယူ ဆောင်ရွက်ရာတွင် ပြည်သူများအား ပေးထားသော ကတိကဝတ်များ ရှိပါကြောင်း၊ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်ရေး၊ တိုင်းရင်းသားများအားလုံး သာတူညီမျှခံစားရရှိပြီး အေးအတူပူအမျှ လက်တွဲနေထိုင်ရန် ဖော်ဆောင်နိုင်မည့်  ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေး၊ ပြည်သူလူထုကို ကာကွယ်ပေးနိုင်သည့် အုပ်ချုပ်ရေးယန္တရား တစ်ရပ် ပေါ်ပေါက်ရေးနှင့် ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ကြောင်း၊ အဆိုပါ ကတိကဝတ်များကို အစိုးရအနေဖြင့် အတတ်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ပြည်သူများအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများကို ဝန်ကြီးဌာနအသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည်သည်မှစ၍ သက်ကြီးရွယ်အိုအထိ ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများအတွက် ဘဝစက်ဝန်းတစ်လျှောက်လုံး ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ဆောင်ရွက်မှုတိုင်းကို စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးလမ်းကြောင်းအတိုင်း ဦးတည်ဆောင်ရွက်ပါကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီဆိုသည်မှာ ပြည်သူ့ဆန္ဒနှင့်အညီ ဖြစ်စေရေးနှင့် အခြေခံလူ့အခွင့်အရေးများ ဖော်ဆောင်ပေးနိုင်ရေးတို့ဖြစ်ကြောင်း၊  အခြေခံလူ့အခွင့်အရေး ဖော်ဆောင်ရေး အတွက် ဝန်ကြီးဌာနတွင် တာဝန်ယူရသည့် ကိစ္စများရှိပါကြောင်း၊ လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ လူငယ်မူဝါဒ၊  မသန်စွမ်းသူများ၏ အခွင့်အရေးများဥပဒေ၊ သက်ကြီးရွယ်အိုဥပဒေများကို ဖော်ဆောင်ပြီးဖြစ်ကြောင်း၊  အမျိုးသမီးများနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအသစ်ကို အရပ်ဖက်အဖွဲ့အစည်းများ ပါဝင် ဖွဲ့စည်း ပြီး အမျိုးသမီးများရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊  အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း(UNCEDAW) ကို လက်မှတ်ရေးထိုးခဲ့ခြင်း၊  ဒေသတွင်းအာဆီယံနိုင်ငံများ စုပေါင်းဖွဲ့စည်း ထားသည့် အာဆီယံအမျိုးသမီးကော်မတီ (ASEAN Committee On Women – ACW)နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်မြှင့်တင်ရေး ကော်မရှင် ( ASEAN Commission on the Prevention and Protection on the Rights of Women and Children _ ACWC) တွင်လည်း ပါဝင်ဆောင်ရွက်ခြင်းများ ရှိပါကြောင်း၊ ထို့အပြင် အာဆီယံဒေသတွင်း၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး လုပ်ငန်းအစီအစဉ် ( ASEAN Regional Plan of Action On Elimination of Violence Against Women- EVAW) ကို ရေးဆွဲထားသဖြင့် ၎င်းလုပ်ငန်းစဉ်နှင့် အညီဖြစ်စေရန်လည်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ဝိုင်းဝန်းဆောင်ရွက်ကြသော သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အမျိုးသမီးအရေးတက်ကြွစွာ ဆောင်ရွက် နေကြသော အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ဖော်ဆောင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းများလိုအပ်သကဲ့သို့ ပဋိပက္ခများအတွင်း လိင်အကြိမ်းဖက်မှု များအတွက် တားဆီးကာကွယ်ရန်လည်း လိုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ပဋိပက္ခများအတွင်း အမျိုးသမီးများအပေါ်လိင်အကြိမ်းဖက်မှုကာကွယ်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် ကုလသမဂ္ဂသဘောတူညီချက်များကို လိုက်နာဆောင်ရွက်ရပါ ကြောင်း၊ ထို့ကြောင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ ပူးတွဲကြေငြာချက် ( Joint Communique) ကို ပဋိပက္ခအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် လက်မှတ်ရေးထိုး၍ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် မြန်မာ့ဓလေ့ ထုံးတမ်းအားလုံးကိုလည်း ပစ်ပယ်၍ မရပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် အမျိုးသမီးများရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်စောင့်ရှောက်မှုများအတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အမျိုးသမီးနှင့် ပတ်သက်၍ အကာအကွယ်ပေးသည့် ပြစ်မှု၊ ပြစ်ဒဏ်အပိုင်းများကို စနစ်တကျဖော်ပြထားခြင်း မရှိသေးသည့်အတွက်  အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)တွင် ထည့်သွင်းထားပါကြောင်း၊ အဆိုပါကိစ္စများကို လွှတ်တော်ကိုယ်စားလှယ်ကြီးများက လေ့လာပြီး အကြံပြု ပေးကြစေလိုကြောင်း၊  မိမိတို့ရေးဆွဲထားသည့် ဥပဒေ (မူကြမ်း)သည် နိုင်ငံနှင့်ကိုက်ညီပြီး အမျိုးသမီးများကို အကျိုးပြုနိုင်အောင် ဆောင်ရွက်ထားပါကြောင်းနှင့် ယခုဥပဒေ(မူကြမ်း)သည် မိသားစုတစ်စု၊ အိမ်ထောင်စု တစ်စု ပြိုကွဲမှုကို ဦးတည်သည့် ဥပဒေမဖြစ်စေဘဲ အမျိုးသမီးများရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အကာအကွယ်ပေးနိုင်မှုအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်အောင် ဝိုင်းဝန်းအကြံပြု ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
    ဆက်လက်၍ UNFPA မှ Country Representative, Mr. Ramanathan Balakrishnan က အမျိုးသမီးများအပေါ် တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း) ပူးပေါင်းဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
    ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥပဒေ(မူကြမ်း)ကို ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေး အကြံပြုခဲ့ကြပါသည်။
    ယင်းနောက် ပြည်ထောင်စုလွှတ်တော်၊ ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးအရေးတက်ကြွစွာ ဆောင်ရွက် လျက်ရှိသော အဖွဲ့အစည်းများက မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter