ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မော်လမြိုင်မြို့ရှိ ကလေး၊ လူငယ်နှင့် အမျိုးသမီးများ စောင့်ရှောက်ရေးဌာနများသို့သွားရောက်

နေပြည်တော်၊ ၂၃.၂.၂၀၂၀
          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီသို့ ယနေ့နံနက်ပိုင်းက သွားရောက်ဖူးမျှော်ကြည်ညိုကာ အလှူငွေများ လှူဒါန်းခဲ့ပြီး ၂၀၁၈ ခုနှစ် မိုးရာသီကာလအတွင်း မိုးကြီးမှုကြောင့် စေတီရင်ပြင်တော် မြေသားနိမ့်ကျပျက်စီးခဲ့မှုအတွက် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို စေတီဂေါပကအဖွဲ့က လိုက်လံရှင်းလင်းပြသကြပါသည်။
          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်လူငယ်သင်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ သင်တန်းကျောင်းအုပ်ကြီးက သင်တန်းကျောင်း၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
           ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်းတွင် ဆံပင်ညှပ်၊ ဝရိန် လုပ်ငန်း၊ကွန်ပျူတာနှင့် စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများ၊ ကိုယ်ကာယကျန်းမာသန်စွမ်းရေးအတွက် မြန်မာ့သိုင်းပညာသင်ကြားလေ့ကျင့်နေမှု၊ ဘက်စုံသုံး အားကစားကွင်းတည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုလေ့လာပြီး သင်တန်းသား အိပ်ဆောင်များကို လှည့်လည်စစ်ဆေးခဲ့ကာ သင်တန်းသားများနှင့် တွေ့ဆုံ၍ ဆုံးမစကားပြောကြားခဲ့ပါသည်။
           ထိုသို့ပြောကြားရာတွင် လူငယ်များသည် အနာဂတ်နိုင်ငံ၏ လူသားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ ယခု သင်တန်းသားလူငယ်များအနေဖြင့် ဤသင်တန်းကျောင်းတွင် နေထိုင်ရမည့် ကာလကို ပြစ်ဒဏ်ကျခံနေရသည့်ကာလဟုမယူဆဘဲ အတိတ်ကမှားခဲ့သည့်အမှားမျိုး ပြန်လည် မကျူးလွန်မိစေရန် မိမိကိုယ်ကိုယ်ပြောင်းလဲသွားအောင် စိတ်ရောကိုယ်ပါ လေ့ကျင့်ရမည့်ကာလဟု မှတ်ယူရန်ဖြစ်ကြောင်း၊ မိမိ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိသည့်အခါ ကောင်းမွန်စွာ ရှင်သန်ရပ်တည်နိုင်စေရန်အတွက် အမှန်ပြောင်းလဲသွားအောင် ဆောင်ရွက်နိုင်သောသူများ ဖြစ်ကြ စေရန် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့မျိုးဆက်များကို ကောင်းမွေများပေးနိုင်သောသူများ ဖြစ်စေရန် သင်တန်းကျောင်းတွင်နေထိုင်စဉ်ကာလအတွင်း မိမိတို့ကိုယ်ကိုယ် မကြာခဏ ဆန်းစစ် နေဖို့လိုကြောင်း၊ မူးယစ်ဆေးဝါးသည် မိမိတို့၏ဘဝကိုပျက်စီးစေပြီး နောင်မျိုးဆက်များအတွက် ဆိုးမွေများ ဖြစ်စေမည်ဖြစ်သဖြင့် မူးယစ်သံသရာမှ လွတ်မြောက်အောင် သန္နိဌာန်ချ၍ ကြိုးစား ကြစေလိုကြောင်း၊ အစိုးရဌာနဆိုင်ရာများအနေဖြင့် အကောင်းဆုံးပံ့ပိုးကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ရန်ကုန် သန်လျင်၊ တွံတေး ငှက်အော်စမ်း၊ မန္တလေးနှင့် မော်လမြိုင် လူငယ်သင်တန်းကျောင်းများတွင် လူငယ်သင်တန်းသား (၁၈၂၀)ဦးကို လေ့ကျင့်သင်ကြားပေးလျက် ရှိပါသည်။
           ထို့နောက် သင်တန်းသားလူငယ်များက ဆောင်ရွက်ပေးစေလိုသော အချက်များကို တင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခဲ့ပြီး သင်တန်းသားများအတွက် လတ်တလောလိုအပ်ချက်များ ဖြည့်ဆည်းရန်ထောက်ပံ့ငွေပေးအပ်ခဲ့ ပါသည်။
           ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပြီး မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အစိုးရနှင့် ပြည်သူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
           ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးစောင့်ရှောက်ရန် လိုအပ်သော ကလေးများ လေ့ကျင့်သင်ကြားရေးကျောင်းသို့သွားရောက်ခဲ့ပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းဆရာမများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အထူးစောင့်ရှောက်ရန် လိုအပ်သောကလေးငယ်များကို လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှု ခဲ့ပါသည်။
          ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ကလေးပြုစုရေး ဌာနသို့ သွားရောက်ခဲ့ပြီး ကလေးများအတွက် ကစားစရာအရုပ်များနှင့် အာဟာရကျွေးမွေးခြင်း များကို ဆောင်ရွက်ခဲ့ပါသည်။
           ထို့နောက် Safe House သို့သွားရောက်ခဲ့ပြီး Safe House တွင် စောင့်ရှောက်ထားသော အမျိုးသမီးငယ်များကို နှစ်သိမ့်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter