နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ပရဟိတကျောင်းများတွင် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်

နေပြည်တော်၊ မတ်လ ၂၂.၃.၂၀၂၀
        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် လူမှုဝန်ထမ်းဦးစီးဌာန၊    ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့်   တာဝန် ရှိသူများနှင့်အတူ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ပရဟိတ ဂေဟာများဖြစ်သော အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းတိုက်ရှိ အေးမေတ္တာစံ လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် ပြင်ကြီး သာသနာ့ ဝေပုလ္လ သီလရှင်စာသင်တိုက်များသို့သွားရောက်၍ ယခုလတ်တလော ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ (COVID-19) နှင့် ပတ်သက်၍ သီလရှင်များ၊ ဂေဟာမှူးများ၊ ကြီးကြပ်သူဆရာ၊ ဆရာမများအား ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယဝန်ကြီးက (COVID-19) ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံ(၁၇၇)နိုင်ငံတွင် ကူးစက်ပြန့်ပွားလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကူးစက်ခံရသူမတွေ့ရှိရသေးသော်လည်း COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်ကိစ္စများကို မိမိ၏ အရေးကိစ္စသဖွယ် သဘောထားကာ တိတိကျကျလိုက်နာ ဆောင်ရွက်ကြပါရန်နှင့် တတ်နိုင်သမျှဝိုင်းဝန်းပါဝင်ပူးပေါင်းဆောင်ရွက်ကြပါရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူများထံသို့ မေတ္တာရပ်ခံပန်ကြားထားပါသဖြင့် မိမိတို့ဝန်ကြီးဌာနက အသိအမှတ်ပြုဖွင့်လှစ်တည်ထောင်ထားသော ပရဟိတဂေဟာများအနေဖြင့်လည်း ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပရဟိတဂေဟာများသည် ကလေးများစွာကို ပြုစု စောင့်ရှောက်ထားရခြင်း၊ ပြင်ပမှ အလှူရှင်များ လာရောက်လှူဒါန်းမှုရှိခြင်းများကြောင့် လူအများ စုဝေးမှုကြောင့် ကူးစက်ခံရခြင်းမရှိစေရန် မိမိတို့ဝန်ကြီးဌာနမှ(၂၀၂၀ပြည့်နှစ်၊ မတ်လ၊၁၈ရက်)နေ့တွင် ထုတ်ပြန်ထားသော အလှူရှင်များသို့မေတ္တာရပ်ခံချက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြစေလိုပါ ကြောင်း၊ လူ၏ လက် သည်နေရာ အနှံ့အပြားနှင့် ထိတွေ့လုပ်ကိုင်နေရသဖြင့် လက်မှတဆင့် Virus ပိုးများသည် မျက်စိ၊ နှာခေါင်း၊ ပါးစပ်များ အတွင်းဝင်ရောက်ပြီး အသက်ရှုလမ်းကြောင်းသို့ အလွယ် တကူ ကူးစက်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ လက်ကို ဆပ်ပြာနှင့်ရေကိုအသုံးပြု၍ စနစ်တကျမကြာခဏ ဆေးကြောသန့်ရှင်းပေးပါရန် (သို့မဟုတ်) အရက်ပြန်အနည်းဆုံး(၆၀) ရာခိုင်နှုန်းပါဝင်သည့် လက်သန့်စင်ဆေးရည်ကို အသုံးပြု၍ သန့်စင်ပေးပါ ရန်၊ နှာချေ ချောင်းဆိုးသော ကလေးများ၊ ဖျားနာ သော ကလေးများရှိပါကလည်း နီးစပ်ရာ ကျန်းမာရေးဆေးခန်းများသို့ သွားရောက်ပြသကုသ ကြပါရန်နှင့် အသိနှင့်သတိ ယှဉ်တွဲပြီး လိုက်နာဆောင်ရွက်ပေးပါရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် တာဝန်ရှိသူများက စနစ်တကျလက်ဆေးနည်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ဆရာတော်နှင့် သီလရှင်ဆရာကြီးတို့အား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ကလေးသူငယ်များနှင့် သီလရှင်လေးများအတွက် ကြက်ဥ၊ ပဲနို့နှင့် ဆပ်ပြာခဲများ ကို လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter