ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၂၅.၃.၂၀၂၀
    ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသားအဆင့်ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၅ ရက်နေ့က ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ လုပ်ငန်းတာဝန် (၁၁) ခုရှိရာ ယနေ့အစည်းအဝေးမှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ကြ ရမှာ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ရှိပါကြောင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပြည်တွင်း နေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်း (၁၂၈)ခုရှိပါကြောင်း၊ ယာယီခိုလှုံရာစခန်းများသည် ယာယီသာဖြစ်သင့်၍ ထိရောက်သော ပြန်လည်နေရာချထားမှုများလိုအပ်ပါကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာပါ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး အမှီအခိုကင်းသော ဘဝများ ပြန်လည်တည်ဆောက်နိုင်ရေး အဓိကထား ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ မဟာဗျူဟာအရ သက်ဆိုင်ရာပြည်နယ်အဆင့်ဆင့် ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ များဖွဲ့စည်းပြီး ပြည်နယ်များအလိုက် မတူညီသည့် လုပ်ငန်းစီမံချက်များ ရေးဆွဲကြရမှာဖြစ်ကြောင်း၊ အဆင့်ဆင့် ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ အမျိုးသားကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို (၆)လ တစ်ကြိမ် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ အစီရင်ခံတင်ပြကြရမှာဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအနေဖြင့် ယာယီခိုလှုံရာစခန်များပိတ်သိမ်းရေးကို မဟာဗျူဟာ မပေါ်ပေါက် ခင်ကပင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ အမျိုးသားအဆင့်ကော်မတီ ပေါ်ပေါက်လာပြီဖြစ်၍ ဆက်လက်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာပြည်နယ်များတွင် ဖွဲ့စည်း ထားသော ဆက်စပ်ကော်မတီများ၊ လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းပူးပေါင်းခြင်း၊ ကြီးကြပ်ကွပ်ကဲ ခြင်းများကိုလည်း ဆောင်ရွက်သွားကြမှာဖြစ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် များစွာဆက်စပ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းအကောင်အထည်ဖော်မှုများကို  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကိုလည်း တင်ပြဆောင်ရွက်ရန်  အရေးကြီး ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာဖိအားများစွာရှိနေပါကြောင်း၊ နေရပ်စွန့်ခွာ သူများအတွက် ဆောင်ရွက်ပေးရာတွင် ၎င်းတို့၏ အခွင့်အရေးများကို လျစ်လျှူမရှုဘဲ ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော်လည်း ဝေဖန်မှုများရှိနေသည့်အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိအောင် မဟာဗျူဟာကို ဆွတ်ဇာလန်နိုင်ငံမှ ကျွမ်းကျင်သူ Professor Walter Kaelin ၏ ပံ့ပိုးကူညီမှုများဖြင့် ပူးပေါင်းရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် အထောက်အကူ ဖြစ်စေရန် လုပ်ငန်းစဉ်ရေးဆွဲရေးလမ်းညွှန် (Guide Line) တစ်ခုကို ပူးပေါင်း ညှိနှိုင်းရေးဆွဲထားပါကြောင်း၊ သက်ဆိုင်ရာပြည်နယ်များအလိုက် အကောင်အထည်ဖော်ကြမည့် တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များပါ စံချိန်စံညွှန်းများနှင့်အညီ ပုံစံတကျ လိုက်နာဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပုံစတကျဆောင်ရွက်ထားပါက အခက်အခဲ၊ စိန်ခေါ်မှုများ ရှိလာပါက ဖြေရှင်းရလွယ်ကူမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ လုပ်ငန်း စီမံချက်များရေးဆွဲရန် အထောက်အကူပြုမည့် လမ်းညွှန်ချက် (Guide Line) ရေးဆွဲထားမှုကို ရှင်းလင်းတင်ပြရာ ပိတ်သိမ်းရမည့် စခန်းများသတ်မှတ်ခြင်း၊ ယာယီခိုလှုံရာစခန်းတွင် နေထိုင်သူ များ၏ အချက်အလက်များကိုပြစုခြင်းနှင့် ကနဦးဆန်းစစ်ချက်ဆောင်ရွက်ခြင်း၊ ပြန်လည်နေရာ ချထားရန် နေရာများရွေးချယ်ရာတွင် မူလနေရပ်ပြန်ခြင်း၊ နေရာသစ်သို့ ရွှေ့ပြောင်းခြင်း ၊ ဒေသအတွင်း ပေါင်းစည်းနေထိုင်ခြင်း တို့တွင် နေရပ်စွန့်ခွာသူများ၏ သဘောထားများနှင့်အညီ ဆန်းစစ်ဆောင်ရွက်ခြင်း၊ ရှင်းလင်း ညှိနှိုင်း တိုင်ပင် ဆွေးနွေးခြင်းနှင့် လုပ်ငန်းစီမံချက်များ၏ ဖွဲ့စည်းပုံနှင့် ပါဝင်သင့်သည့် အကြောင်းအရာများကို ရှင်းလင်း တင်ပြခဲ့ပါသည်။
    ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် ကရင်ပြည်နယ်အစိုးရအဖွဲများမှ တာဝန်ရှိသူများက သက်ဆိုင်ရာပြည်နယ်အလိုက် လုပ်ငန်း ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် ပြည်နယ်အလိုက်ကော်မတီအဆင့်ဆင့်ဖွဲ့စည်းမည့် အခြေအနေ များကို ရှင်းလင်း တင်ပြကြပါသည်။
  ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် တာဝန်ခံတက်ရောက်လာကြသူများက ယာယီခိုလှုံရာစခန်းတွင် နေထိုင်သူများ၏ အချက်အလက်များကိုပြစုခြင်းနှင့် ကနဦးဆန်းစစ်ချက် ဆောင်ရွက်ခြင်းလုပ်ငန်းအတွက် လူမှုဖြစ်ရပ် စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုမည့် ပုံစံနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကို ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ပါက အစီရင်ခံတင်ပြနိုင်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘဏ္ဍာငွေလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊  လုပ်ငန်းဆောင်ရွက်တိုးတက်မှုကို နိုင်ငံတကာက သိရှိနိုင်စေရန် နိုင်ငံပိုင် မီဒီယာများသာမက ပြည်တွင်းပုဂ္ဂလိကနှင့် ပြည်ပမီဒီယာများမှတစ်ဆင့် သတင်းဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက အချက်အလက်အမှန်များ သိရှိစေရန် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ဤလုပ်ငန်းစဉ်သည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်၍ နိုင်ငံတကာ၏ အပြုသဘော ဆောင်သာ ပူးပေါင်းပံ့ပိုးကူညီမှုများ ရယူနိုင်ခြင်း ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် အမျိုးသားအဆင့်ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားရာတွင် ပြည်နယ်အလိုက် ကော်မတီအဆင့်ဆင့်များအနေဖြင့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မှုများကို (၃)လ တစ်ကြိမ် အမျိုးသားအဆင့်ကော်မတီသို့ အစီရင်ခံတင်ပြကြရန် ဖြစ်ကြောင်း၊ အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည်ဖော်ရာတွင် ယာယီခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူများအတွက် COVID -19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များအတိုင်း လိုက်နာကြရန်လိုကြောင်း၊ အသိပညာပေးဖြန့်ဝေမှုများလည်း ဆောင်ရွက်ပေးကြ ရန် လိုအပ်ကြောင်းနှင့် မိမိတို့ ဝန်ကြီးဌာနက Coronavirus Disease 2019  (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ချက်များ၊ မေတ္တာရပ် ခံချက်များကိုလည်း လေ့လာသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြရန် ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter