ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများ ကြိုတင်ညှိနှိုင်း ဆွေးနွေး

နေပြည်တော်၊ ၃၁.၃.၂၀၂၀
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနက ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်း များ ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး၌ ဆောင်ရွက်ခဲ့ပါသည်။
    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက COVID -19 ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ပြည်ပ နိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်းအစီအစဉ် (Community Based Facility Quarantine) ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဤအစီအစဉ်တွင် ပါဝင်သော သက်ကြီးရွယ်အို များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မသန်စွမ်းသူများအတွက် အလေးထား ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ ရောဂါပိုးကူးစက်နေသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အမြန်ဆုံး စုံစမ်းရှာဖွေ ဖော်ထုတ် စစ်ဆေးနိုင်ရန် နည်ပညာအကူအညီများ အသုံးပြုနိုင်ရေး ကြိုးပမ်းကြရန်လိုအပ်ကြောင်း၊ COVID - 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ယခုကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲမှုတိုင်းတွင် လက်တွေ့ကျရန်လိုအပ်ကြောင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်မည့်သူများစာရင်းကို ညှိနှိုင်းတောင်းခံ စာရင်းပြုစုထားရန် လိုအပ်ကြောင်း၊ COVID -19 ရောဂါ ကူးစက်ခံရခြင်းနှင့် ထပ်ဆင့်ပြန့်ပွားခြင်းမရှိရန် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို အတိအကျသိရှိရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် အဆင့်ဆင့်ဆောင်ရွက်ရမည့် စံလုပ်ငန်းစဉ်များကို  ကြိုတင်လေ့ကျင့်ပေးရမည် ဖြစ်ကြောင်း၊ မဖြစ်မနေလိုအပ်သော အကာအကွယ် အသုံးအဆောင်ပစ္စည်း များကို လုံလောက်စွာ ပုံမှန်ရရှိရန်နှင့် ကုန်ကျစရိတ်များကို ကြိုတင်တွက်ချက် ထားရမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသေား ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ တည်ဆဲဥပဒေများကို ပြည်သူများက သိရှိလိုက်နာ ဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဦးစီးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီဝင် အမျိုးသမီးအဖွဲ့ အစည်းများနှင့် အင်တာနက် ကွန်ရက်အသုံးပြု Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဦးစီးဌာနများနှင့် ပရဟိတလူမှုအဖွဲ့အစည်းများမှ တာဝန်ယူဆောင်ရွက်နိုင်သော အဖွဲ့အစည်း များ ချိတ်ဆက်ထားရှိမှုအခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ရှင်းလင်းခဲ့ကြပါသည်။
    ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော  မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများ နှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင် များအသင်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့များကွန်ရက်၊ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူ ညီမျှရေး ပူးပေါင်းဆောင်ရွက်ရေးအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ်နှင့် ဝိဿခါဖောင်ဒေးရှင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက COVID -19  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရာတွင် ပြည်သူများကို အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်ရေး၊ စေတနာ့ဝန်ထမ်းများ စာရင်းပြုစုပြီး ပါဝင်ဆောင်ရွက်ရေး၊ လိုအပ်သော အကာအကွယ်အသုံးအဆောင် ပစ္စည်များ၊ စားနပ်ရိက္ခာများကို လိုအပ်ချက်အရလှူဒါန်းနိုင်ရေး၊စေတနာ့ဝန်ထမ်း လုပ်အားပေးမည့်သူများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် အဆင့်အဆင့်ဆောင်ရွက်ရမည့် စံလုပ်ငန်းစဉ်များအတွက် သင်တန်းများ ရရှိရေးတို့နှင့် ပတ်သက်၍ အသင်းလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter