ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ Video Conference ဖြင့် ပြုလုပ်သော စိတ်လူမှုပိုင်းဆိုင်ရာအထောက်အပံ့ပေးခြင်း Online သင်တန်းတွင် အမှာစကားပြောကြား

နေပြည်တော်၊ ၅.၄.၂၀၂၀
    Coronavirus Disease 2019 (COVID-19)နှင့် ပတ်သက်၍ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီ စောင့်ရှောက်မှုဖြင့် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Community Based Facility Quarantine) နေရာများ၌ စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်  စိတ်လူမှုပိုင်းဆိုင်ရာအထောက်အပံ့ပေးခြင်းနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်ခြင်းများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ Online သင်တန်းကို ယနေ့နံနက်ပိုင်းက Video Conference ဖြင့်ဆောင်ရွက်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အမှာစကားပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ COVID -19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် ပတ်သက်၍ အစိုးရက ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိကြောင်း၊ Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို မတ်လ၊ (၁၃)ရက်နေ့က စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်(၇)ရပ်တွင် ပြည်သူလူထုများ အား အသိပညာပေးရေး၊ လိုအပ်သော ညွှန်ကြားချက်နှင့် ပန်ကြားချက်များထုတ်ပြန်ရေး ပါဝင် ပါကြောင်း၊ ထို့အပြင် Coronavirus Disease 2019 (COVID -19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကို မတ်လ ၃၀ ရက်နေ့က ထပ်မံဖွဲ့စည်းခဲ့ပါကြောင်း၊ လုပ်ငန်းတာဝန်များထဲတွင် COVID-19 ရောဂါပိုး ကူးစက် နေသူများ၊ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများထဲမှ ရောဂါပိုးကူးစက်နေသူများနှင့် အနီးကပ် ထိတွေ့သူများအားလုံးကို ရောဂါလက္ခဏာပြသည်အထိ စောင့်ဆိုင်းခြင်းမပြုဘဲ စုံစမ်းရှာဖွေဖော်ထုတ်၍ အမြန်ဆုံးစစ်ဆေးနိုင်ရေး၊ Quarantine လုပ်နိုင်ရေး ဆောင်ရွက်ရေး၊ Quarantine ဆောင်ရွက်ရာတွင် လိုအပ်သည့် စားနပ်ရိက္ခာ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ဓါတ်ရေးရာမြှင့်တင်ပေးရေး လုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊ အဆိုပါကော်မတီ (၂)ခုလုံးတွင် မိမိတို့ဝန်ကြီးဌာနက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးမှုများကို ရပ်ကွက်များ၊ ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့် လှည့်လည် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်  ယနေ့ online သင်တန်းမှ စတင်အကောင်အထည် ဖော်ကြမည်ဖြစ်ကြောင်း၊ အသိပညာပေးမှုနှင့် စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှု လုပ်ငန်းများသည် ဆက်စပ်ပါကြောင်း၊ COVID -19 ကပ်ရောဂါသည် လျင်မြန်စွာ ကူးစက်နိုင်သဖြင့် ကာကွယ်ထိန်းချုပ်မှုများကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရသည်ဖြစ်ရာ လူသားတို့၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်လာရုံမျှမက လူသားတို့၏ နေ့စဉ်လူနေမှုဘဝနှင့် စိတ်ပိုင်းဆိုင်ရာများကို ရိုက်ခတ် သက်ရောက်လာမှုများ ရှိလာကြောင်း၊ ထို့အပြင် ကာကွယ်၊ ထိန်းချုပ်မှုများကို ဆောင်ရွက်စဉ်  စိတ်လူမှုပိုင်းဆိုင်ရာ ထောက်ပံ့ပေးခြင်းနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုများ မဖြစ်ပွားစေရေး ကြိုတင် ကာကွယ်ရေး အသိပညာပေးရန်နှင့် ကာကွယ်စောင့်ရှောက်မှုများ စနစ်တကျ ရရှိစေရန် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဤသင်တန်းသည် ပြုလုပ်နေကြပုံစံနှင့်မတူဘဲ online စနစ်ဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားသော  Nippon Foundation နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ICT Development Center မှ ကျွမ်းကျင်သူများက ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း၊ သင်တန်းတက်ရောက်ပြီးကြသူများသည် စေတနာလုပ်အားရှင် (Volunteer) များနှင့် ပူးပေါင်းပြီး Quarantine နေရာများတွင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ခွဲများကို ဖွဲ့စည်းထားပြီးဖြစ်ရာ ထိုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ နှစ်သိမ့်ဆွေးနွေး မှုများ ဆောင်ရွက်ပေးရာတွင် ကိုယ်အမူအရာ၊ နှုတ်အမူအရာများ အရေးကြီးပါကြောင်း၊ ပြောဆိုဆက်သွယ်မှု ကျွမ်းကျင်မှုရှိရန်လည်း လေ့ကျင့်ကြရမည် ဖြစ်ကြောင်းနှင့် ယခုသင်တန်းသို့ တက်ရောက်ကြသူများ အနေ ဖြင့် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ကြိုးစားကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် စိတ်လူမှု အားပေးထောက်ပံ့ခြင်းဘာသာရပ်ကို ပို့ချသင်ကြားပေးမည့် ဒေါက်တာအေးမြတ်လွင် က Online သင်တန်းတွင် Quarantine နေရာများ၌ COVID -19 ရောဂါကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ စိတ်ဖိစီးမှုများ သက်သာစေရန်၊ ကျား၊မ အခြေပြု အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန်အတွက် အသိပညာပေးရန်နှင့် လိုအပ်သော ချိတ်ဆက်ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးရန် ရည်ရွယ်ချက်များဖြင့် ပို့ချ သင်ကြားသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်၌ ဖွဲ့စည်းထားသော COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ခွဲများသို့ လူမှုအဖွဲ့ အစည်းများ၊ စေတနာ့ဝန်ထမ်းများက COVID-19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် အသိပညာပေးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရေးအတွက် အလွယ်တကူချိတ်ဆက် ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း ရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ထားကြောင်း၊ အဆိုပါအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်လည်း ဆက်သွယ်ရမည့်သူများနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ တစ်ဦးချင်းနှစ်သိမ့်ဆွေးနွေးမှု လိုအပ်သူများအတွက်လည်း ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆွေးနွေးနိုင်ရန် စီစဉ်ထားပါကြောင်း ပြန်လည် ဆွေးနွေးပြောကြားခဲ့ပါသည်။
    အဆိုပါ Online သင်တန်းတွင်  စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးခြင်းဆိုင်ရာ အခြေခံများ၊ စိတ်လူမှု ဆက်ဆံရေးဆိုင်ရာ ဝန်ဆောင်မှုရစေရန် ပံ့ပိုးပေးခြင်း၊ မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်ခြင်း၊ စိတ်ဖိစီးမှု၊ စိတ်ခံစားမှု တုံ့ပြန်ခြင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းများကို တယ်လီဖုန်းဖြင့် ဆွေးနွေးဖြေရှင်း ဆောင်ရွက်ခြင်း သင်ခန်းစာများကို (၃) ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ  သင်တန်းသား၊ သင်တန်းသူဦးရေ (၈၀) တက်ရောက် သင်ကြား မည်ဖြစ်ပါသည်။
    အဆိုပါ သင်တန်းပြီးမြောက်ပါက စေတနာလုပ်အားရှင်များနှင့် ပူးပေါင်း၍ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်မှုဖြင့် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်း (Community Based Facility Quarantine) နေရာများ၌ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

FacebookTwitter