IDP Camp များတွင် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှု နှစ်သိမ့်ဆွေးနွေး ခြင်းနှင့် အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိစ္စရပ်များ နှင့် ပတ်သက်၍ အသိပညာပေးခြင်း

နေပြည်တော်၊ ၁၅.၄.၂၀၂၀ 

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူသားချင်းစာနာကူညီမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် “မည်သူတစ်ဦးတစ်ယောက်ကိုမှ ချန်လှပ်ထားခြင်း မရှိစေရ” ဟူသည့် မူဝါဒကို လက်ကိုင်ထားသည်နှင့်အညီ IDP စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး စီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါသည်။ အဆိုပါ စီမံချက်တွင် စခန်းတွင်နေထိုင်သူများအတွင်း COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ကြောက်ရွံ့မှုလွန်ကဲခြင်း၊ သံသယလွန်ကဲခြင်းစသည့် စိတ်ဖိစီးမှုများခံစားရနိုင်ပါသဖြင့် စိတ်ဓါတ် ရေးရာမြှင့်တင်ပေးမှုနှင့် နှစ်သိမ့်ဆွေးနွေးခြင်းများကို ဆောင်ရွက်ပေးရန်ပါရှိပါသည်။ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဖြင့် ဆက်သွယ်ရေးအော်ပရေတာ (၄) ခုတို့က COVID-19 ကူးစက်ရောဂါဘေးရင်ဆိုင်နေရစဉ်ကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ် များရှိအထူးလေ့ကျင့်ပေးထားသော လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများက နေ့စဉ်နံနက်(၀၉း၃၀) နာရီမှ ညနေ(၁၆း၃၀)နာရီအထိ အခမဲ့ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ၎င်းအပြင် အိမ်တွင်း အကြမ်းဖက်မှုအပါအဝင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိစ္စရပ်များနှင့် ပတ်သက် ၍ ကာယကံရှင်ကိုယ်တိုင်သော်လည်းကောင်း၊ သိရှိသူပြည်သူများမှလည်းကောင်း၊ တယ်လီဖုန်း နံပါတ် ၀၆၇-၄၀၄၂၂၂ နှင့် ၀၆၇-၄၀၄၉၉၉ သို့ ယုံကြည်စိတ်ချစွာ တိုင်ကြားနိုင်ကြောင်း ပိုစတာများ ကပ်၍ အသိပညာပေးခြင်း ဆောင်ရွက်လျက်ရှိပါသည်။

          ထိုကဲ့သို့ဆောင်ရွက်ရာတွင် (၁၄.၄.၂၀၂၀)ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းများဖြစ်သော ဓမ္မာရာမကျောင်း ၊ မဏိရတနာ၊ နန်းရွှေဂူ စခန်းတို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းများ ဖြစ်သော KBC(၁), KBC(၂)၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့ရှိ လီဆူး၊ ကျူဆော့၊ KBC၊ မူဆယ်ခရိုင် နမ့်ခမ်းမြို့ရှိ စစ်ဘေးရှောင်စခန်းများဖြစ်သော စိန့်သောမတ်၊ ဂျော်(၁)၊ ဂျော်(၂)၊ပန်လုံ၊ နေဝန်းနီ တို့တွင်လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်စခန်းများ ဖြစ်သော KBC မန်ခိန်၊ မန်ခိန် နှစ်ခြင်း၊KBC စောရယ်၊တပ်ကုန်း ၊စံပြနှစ်ချင်း၊ ဒူကတောင် နယ်မြေ(၁၀)၊ ဂါလိလဲ တို့တွင် အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter