ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID -19 ကာလ Quarantine လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအတွက် လေ့ကျင့်သင်တန်းပေးရေး ကိစ္စများ ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ၃.၅.၂၀၂၀
    သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း   Quarantine လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအတွက် လေ့ကျင့်သင်တန်းပေးရေး ကိစ္စများညှိနှိုင်းဆွေးနွေးခြင်းကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့်ဆောင်ရွက်ခဲ့ပါသည်။
    ညှိနှိုင်းဆွေးနွေးမှုကို ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဌ ပါမောက္ခဒေါက်တာထင်အောင်စောနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းဝင်များနှင့် အတွင်းရေးမှူးရုံးအဖွဲ့တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
    ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက COVID -19 ရောဂါကူးစက်ပြန့်နှံ့မှုကို ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အားလုံးပူးပေါင်းဆောင်ရွက်လျက် ရှိကြပါ ကြောင်း၊ အဓိကလုပ်ငန်းစဉ်တစ်ခုမှာ အသွားအလာကန့်သတ်ခြင်း Quarantine ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် Quarantine နေရာများမှာ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ Quarantine နေရာများတွင် ကူညီဆောင်ရွက်ပေးနေကြသည့် စေတနာ့ဝန်ထမ်း (Volunteer) များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း (Volunteer) များအတွက် လုံခြုံရေး အကာအကွယ်များ ဆောင်ရွက်ပေးခြင်း၊ အနေအထိုင်၊ အစားအသောက်နှင့် အသွားအလာကိစ္စ များတွင် လိုအပ်ချက်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ လုံလောက်သော အနားယူအပန်းဖြေမှု ရရှိစေခြင်းနှင့် နိုင်ငံတော်က အသိအမှတ်ပြုခြင်းများ ဆောင်ရွက်ပေးလို၍ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနှင့် လူမှုရေးဝန်ကြီးများက ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့အတွင်းရေးမှူးရုံးအဖွဲ့အနေဖြင့် လက်ရှိဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်း များစာရင်းကို ကောက်ယူထားရှိပြီးဖြစ်ကြောင်း၊ ထပ်မံ၍  စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် လိုသူများ၏စာရင်းနှင့် စေတနာ့ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးမည့် စေတနာ့ဝန်ထမ်း ဆရာဝန်များစာရင်းကိုလည်း အွန်လိုင်းစနစ်ဖြင့် ကောက်ယူလျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်း သင်တန်းလက်စွဲစာအုပ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မိမိတို့ဝန်ကြီးဌာနက ပူးပေါင်းပြုစုရေးဆွဲထားပြီးဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်း (Volunteer) များအား သင်ကြားပေးမည့် စေတနာ့ဝန်ထမ်းဆရာဝန်များကို ဆရာဖြစ်သင်တန်း (Training of Trainer) ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းများကို အွန်လိုင်းစနစ်ဖြင့်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းလက်စွဲစာအုပ်များကို ကြိုတင်မျှဝေထားမည်ဖြစ်ကြောင်းနှင့် သင်တန်းပို့ချကြမည့် ဆရာကြီး၊ ဆရာမကြီးများ အနေဖြင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ ပါသည်။
    ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လိုသူများနှင့် အိမ်နီးချင်းနိုင်ငံ များတွင် အလုပ်လုပ်နေသူများမှ ပြန်လာလိုသူများကို စနစ်တကျ လက်ခံဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြန်လည်ဝင်ရောက်လာကြသူများကို Quarantine နေရာများတွင် စနစ်တကျ ထားရှိနိုင်မှာသာ COVID -19 ရောဂါကူးစက်ပြန့်နှံ့မှုနှင့်ပတ်သက်ပြီး လက်ရှိအနေအထားအတိုင်း ဆက်လက်ထိန်းချုပ်ထားနိုင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် Quarantine နေရာများတွင် စနစ်တကျ ဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်းနှင့် မိုးရာသီကျရောက်လာပြီဖြစ်၍ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော ရောဂါများနှင့်ပတ်သက်၍ ဆောင်ရွက်မှုများတွင် စေတနာ့ဝန်ထမ်းများ ပါဝင်ကူညီနိုင်ရန် လိုအပ်သည့်သင်ခန်းစာများပါ ထည့်သွင်းသင်ကြားပေးနိုင်ရေး ဆွေးနွေးပါသည်။
    ယင်းနောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဌ၊ ပါမောက္ခဒေါက်တာထင်အောင်စောနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းဝင်များနှင့် အတွင်းရေးမှူးရုံးအဖွဲ့တာဝန်ရှိသူများက စေတနာ့ဝန်ထမ်း ဆရာဝန်များကို ဆရာဖြစ်သင်တန်း (Training of Trainer) သင်ကြားပေးမည့်ကိစ္စများ၊ သင်တန်း များကို အွန်လိုင်းအသုံးပြုသင်ကြားရာတွင် လိုအပ်သည့်ပြင်ဆင်မှုများ၊  သင်တန်းထိရောက်မှု ရှိစေရေး လူဦးရေအလိုက် အချိန်ကာလခွဲ၍ သင်ကြားပေးနိုင်ရေးကိစ္စများ၊ သင်ခန်းစာခေါင်းစဉ် အလိုက် သင်ကြားမည့်အချိန်ကာလ၊ လုံခြုံရေးအကာအကွယ်ပစ္စည်းများ ပံ့ပိုးပေးနိုင်ရေးကိစ္စများနှင့် မိုးရာသီကာလတွင် ဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါအမျိုးမျိုးနှင့် ပတ်သက်၍လည်း ပညာပေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအား ပါဝင်နိုင်ရေးကိစ္စများကို အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
    ဆက်လက်၍ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ တာဝန်ရှိသူများက လိုအပ်သည့်သင်တန်းများ အဆင့်ဆင့်ပေးနိုင်ရေး၊ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တာဝန်ပေး အပ်ထားသော ကျန်းမာရေးဝန်ထမ်း များနှင့် ဆရာဖြစ်သင်တန်းတက်ရောက်ထားသော မြန်မာနိုင်ငံဆရာဝန်အသင်းဝင် လုပ်အားပေး ဆရာဝန်များပူးပေါင်း၍ စေတနာ့ဝန်ထမ်း တာဝန်ယူဆောင်ရွက်နေသူများနှင့် ဆောင်ရွက်မည့် သူများအား‌ လေ့ကျင့်သင်တန်းပေးရေးကိစ္စများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

 

FacebookTwitter